သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အညာရပ်ဝန်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ တိုးလာ


စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံရွာ။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံရွာ။

မြန်မာနိုင်ငံတွင်း အထူးသဖြင့် စစ်ကိုင်း၊ မကွေးနဲ့မန္တလေးတို့မှာ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ်မှုတွေဟာ တနေ့ထက်တနေ့ ပိုများလာနေပါတယ်လို့ စစ်တိုင်းဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ အာရှပစိဖိတ် ဒေသလုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲမှာ UK Minister for the Indo-Pacific ‘Anne-Marie Trevelyan’ မြန်မာနိုင်ငံအတွင်းမှာ လတ်တလောဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်ကတင်ပြပေးထားပါတယ်။

ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က မင်္ဂလာပွဲတခုကို စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် လူ ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူရွာက ဒေသခံတွေကိုလည်း အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မေလ ၁၁ ရက်နေ့ကလည်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာမှာ ကလေးငယ်တွေအပါအဝင် ဒေသခံ ၃၂ ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ မြင်းခြံမြို့နယ်က ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်ပြီး ဆက်တိုက် ကျေးရွာတွေကို မီးရှို့၊ ဒေသခံတွေကိုသတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေကို မေလ ၃၁ ရက်နေ့က စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ် ဒေသလုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲမှာ အင်ဒို ပစိတ်ဆိုင်ရာ ဗြိတိန်အကြီးတန်းသံတမန် Anne-Marie Trevelyan က ခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရှိ အရပ်သားပြည်သူတွေအနေနဲ့ ရွာ၊ အိမ်၊ ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ဖြင့်ပစ်ခတ်မှုနဲ့ မီးရှို့မှုတို့အပါအဝင် စက်ဆုပ်ဖွယ်အကြမ်းဖက်မှုတွေနဲ့ သောကဝေနေတာကို ဝမ်းနည်းစွာမြင်တွေ့နေရပါတယ်။ မြင်းမူနဲ့ မြင်းခြံမြို့နယ်တွေမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထပ်ပြီး အသက်ဆုံးရှုံးရတာဟာ ကြေကွဲဖွယ်ကောင်းပါတယ်။ တာဝန်ရှိသောအဖွဲ့အစည်းများအားလုံး အထူးသဖြင့် စစ်အစိုးရအနေနဲ့အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို အဓိကဦးစားပေးဆောင်ရွက်ဖို့ မိမိတို့ တိုက်တွန်းပါတယ်။”

လက်ရှိ စစ်ကိုင်းဒေသတွေမှာ ဒီ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေမှာ အင်အား အလုံးအရင်းသုံးလာတယ်လို့ အညာဒေသက ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ စစ်ကိုင်းဒေသကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုတိုးလာတယ်လို့ ဆိုပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ အများအပြားသေကြရတယ်လို့ 96 soldiers ရဲ့ တာဝန်ခံက ခုလိုပြောပါတယ်။

“စစ်ကောင်စီဘက်က အင်အားသုံးပြီး စစ်ကြောင်းထိုးတာတွေ စိပ်လာတယ်ပေါ့နော်။ နောက်တခုက air attack လုပ်တဲ့ကိစ္စတွေ တအားကိုစိပ်လာတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကိုပေါ့နော် ကျမတို့နေတဲ့ အနားပတ်ချာလည်က ရွာတခုကို air attack လုပ်သွားတယ်။ သူတို့က ဘာကို target ထားပြီး အဓိက လုပ်ချင်တာလဲမသိပေမယ့် အဓိက ထိတာကတော့ ပြည်သူတွေ ထိသွားတယ်ပေါ့နော်။ ဆိုတော့ စစ်ကောင်စီအနေနဲ့က ပြည်သူကို target ထားတာလား၊ တော်လှန်ရေးသမားတွေကို target ထားတာလား။ ဒါမှမဟုတ် သူတို့က‌ တော်လှန်ရေးသမားမှ မဟုတ်ဘူး၊ ပြည်သူရော ကလေးမကျန် အကုန် target ထားတာလား အဲ့လို ပုံစံဖြစ်နေတာပေါ့နော်။ အညာမှက ခုက air attack က တောက်လျှောက်ကို လုပ်နေတဲ့အနေအထားဆိုတော့ genocide လို ပုံစံတောင်ဖြစ်နေတယ်ပေါ့။ ဒေသခံတွေက အခုဆိုရင် စစ်ကြောင်းထိုးတာကိုပဲ ရှောင်ပြေးနေကြရတဲ့ အနေအထားမဟုတ်တော့ဘူး၊ ဘယ်အချိန်လာပြီး လေယာဉ်နဲ့ ဗုံးလာကြဲခံရမလဲ ငါပြည်သူဆိုပြီးတော့ ပေါ့လျော့နေလို့ရတဲ့ အနေအထားမဟုတ်တော့တဲ့ အခြေအနေ ဖြစ်နေတာပေါ့နော်။ ပြည်သူတွေမှာ အိမ်လည်း မီးရှို့ခံရတယ်၊ လေယာဥ်နဲ့လည်း ဗုံးကြဲခံရတယ်။ စစ်ကြောင်းထိုးလို့လည်း မိသွားရင် အသတ်ခံရတဲ့ အခြေအနေဆိုတော့ အညာမှာတော့ အများကြီး အခက်အခဲတွေ ကြုံနေတယ်။ စစ်ဘေးရှောင်တွေလည်း အများကြီး များလာတယ်။ အိမ်ခြေမဲ့ ပြည်သူတွေလည်း အများကြီး တိုးပွားလာတယ်။ ပြီးတော့ အသက်ဆုံးရှုံးမှုတွေလည်း အများကြီး ဖြစ်လာတယ်ပေါ့နော။”

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ဧပြီလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာက ပြည့်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃၈ ဦးအပါအဝင် လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံက စစ်ရေး ပဋိပက္ခတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂကလည်း မကြာခင်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG