သုံးရလွယ်ကူစေသည့် Link များ

စစ်ကောင်စီနယ်မြေရှင်းနေတဲ့ မင်းကင်းမြို့နယ်က  ရွာနှစ်ရွာ မီးရှို့ခံရ၊ အိမ် ၃၀၀ ကျော်လောင်ကျွမ်း


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်တပ်ကနယ်မြေရှင်းလင်းစဉ် ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ မုဿာကျေးရွာမြင်ကွင်း။ (ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၂)
Credit-မင်းကင်းနွေဦးတော်လှန်ရေး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်တပ်ကနယ်မြေရှင်းလင်းစဉ် ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ မုဿာကျေးရွာမြင်ကွင်း။ (ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၂) Credit-မင်းကင်းနွေဦးတော်လှန်ရေး

[[Zawgyi/Unicode]]

စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားပြီး နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း မင်းကင်းနယ်ထဲက ကျေးရွာ ၂ ရွာ မီးရှို့ခံရလို့ နေအိမ် ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ မုဿာရွာကျေးရွာတခုလုံး မီးလောင်ကျွမ်းသွားပြီး မောက်တက်ရွာမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းသာ ကျန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးမရှို့ခင်ကတည်းက လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်လို့ ထွက်ပြေးခဲ့ကြရတဲ့ ဒေသခံတွေလည်း အတော်လေး ဒုက္ခရောက်နေကြပါတယ်။ ကနီနယ်ထဲကပဲ ဝင်းမနားကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားလို့ ဒေသခံတွေ နေရပ်မပြန်နိုင် ဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်တပ်နဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၁၀ ရက်က ရွာ ၂ ရွာကို မီးရှို့ခဲ့လို့ နေအိမ်အားလုံးနီးပါး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စနဗျင်းကျေးရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ရွာချင်းဆက်နေတဲ့ မောက်တက်နဲ့ မုဿာကျေးရွာတို့အပေါ် လက်နက်ကြီးတွေနဲ့ ညလုံးပေါက် ပစ်ခတ်ခဲ့ပြီးနောက် မနက် ၃ နာရီအချိန်လောက်မှာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

“မုဿာရွာက တောထဲကတဲတွေကော အိမ်တွေကော အိမ်ခြေက ၂ ရွာပေါင်းဆိုရင် ၃၀၀ ကျော်တယ်ခင်ဗျ။ စနဗျင်းမှာ ပျူစောထီးတွေနဲ့ သူတို့အပေါင်းအပါတွေက တပ်ထိုင်ထားတယ်။ မုဿာနဲ့ မောက်တက်ကို တညလုံး လက်နက်ကြီးတွေနဲ့ပစ်ပြီး မနက် ၃ နာရီလောက်မှာ ဝင်စီးတာ။ မုဿာရွာကတလုံးမှကို မကျန်ဘူးဗျ။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပဲကျန်တယ်။ မောက်တက်က ၃ လုံးလား ၄ လုံးလားပဲ ကျန်တယ်။ ရွာကို မကပ်ဝံ့ဘူးဗျ။ ရွာမှာ တည်းခိုစရာ နေစရာဆိုလို့ ဘာမှမရှိတော့ဘူး။ တောထဲကတဲတွေပါ ရှို့လိုက်တော့ ရွာမှာ မနေဝံ့တော့ဘဲ ဝေးရာကို ပြေးနေကြရတယ်။ စားဝတ်နေရေးက အနားနီးဝန်းကျင်က ပတ်ဝန်းကျင်ရွာလေးတွေက ကူညီပေးတာတွေနဲ့ လောလောဆယ် စားသောက်နေထိုင်နေရတယ်။”

စစ်ကောင်စီတပ်တွေက မုဿာနဲ့ မောက်တက်ကျေးရွာဘက်မှာ မီးရှို့နေချိန်မှာပဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက စနဗျင်းကျေးရွာနဲ့ မေက္ကတော်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လက်နက် တချို့ကို ရယူခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မင်းကင်းနယ်ရဲ့ တောင်ဘက်မှာရှိတဲ့ ကနီနယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေ ဝင်းမနားကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ပုန်းရှောင်နေရဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက် စနေနေ့က ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်မနားကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင် စီတပ်တွေ ရွာထဲ ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။ အခုချိန်ထိ တောထဲဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ ရွာသားတွေ ရှိရာဘက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဝင်မနား ကျေးရွာသား တဦးက အခုလို ပြောပြပါတယ်။

“တောကြိုတောကြားမှာ တဲမရှိတောင်မရှိနဲ့ နေရတယ်။ တောရှိတောင်ရှိတဲ့ နေရာမှာတော့ RPG တွေနဲ့ပစ်တယ်။ မဲမဲမြင်ရာ အကုန်ပစ်တယ်။ ဆိုင်ကယ်သံကြားရင်ပစ်တယ်။ အခုလည်း ပစ်နေတုန်းပဲ။ တရစပ် ပစ်နေတာ။ အခုက ဗြုန်းကနဲစစ်ပွဲဖြစ်တော့ တောကြိုတောကြားပြေးနေရတယ်။ ကျနော်လည်း အခု တောထဲမှာနေ နေရတယ်။”

စစ်ကောင်စီတပ်တွေဟာ ကနီနဲ့မင်းကင်းနယ်တွေဘက်မှာ ၂၀၂၂ နှစ်ဆန်းပိုင်းကစလို့ နယ်မြေရှင်းလင်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်ကလည်း ကနီနဲ့မင်းကင်းကြားက ဘင်ရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ ပုလဲမြို့နယ်ထဲက ကျေးရွာတွေကိုလည်း မီးရှို့ခဲ့တဲအတွက် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းပုံရတဲ့ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မင်းကင်းနယ်ဘက်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]










XS
SM
MD
LG