သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းနဲ့ ဒီပဲယင်း စစ်ပြေးဒုက္ခသည်များ စားရေးနေရေးပိုခက်လာ


 စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း လတ်တလော ထောင်နဲ့ချီ စစ်ဘေးရှောင်နေရပြီး စားသောက်ရေးခက်ခဲလာနေတဲ့ရွာများ။ Mingin (Credit to MIMU)
 စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း လတ်တလော ထောင်နဲ့ချီ စစ်ဘေးရှောင်နေရပြီး စားသောက်ရေးခက်ခဲလာနေတဲ့ရွာများ။ Mingin (Credit to MIMU)

[[Zawgyi/Unicode]]


စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေဆက်ရှိနေတဲ့ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှာ အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေ ရက်ကြာလာတာနဲ့အမျှ နေရေး စားရေး ပိုပြီးခက်ခဲနေကြပါတယ်။ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ ဒီပဲယင်း မြို့နယ်ထဲမှာလည်း အင်တာနက်ဆက်သွယ်မှုတွေ ပြတ်တောက်နေလို့ ပြည်တွင်း ဒုက္ခသည်တွေ အရင်ကထက် ပိုပြီးအခက်တွေ့နေပါတယ်။ စစ်ကိုင်းတိုင်းထဲက ပြည်သူ ထောင်နဲ့ချီ ဒုက္ခတွေ့နေတဲ့ အခြေအနေအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းဘေးက တောင်တွင်းချောင်ဒေသမှာ မတ်လ ၁၇ ရက်နေ့ထဲက စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းပြီး တောင်တွင်းချောင်ဒေသထဲက ကျော်ရွာမှာတပ်စွဲထားပါတယ်။ အဲဒါကြောင့် ကျော်ရွာနဲ့ ဆက်နေတဲ့ ရွာပေါင်း ၁၅ ရွာလောက်က ပြည်သူ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ စုစုပေါင်း ရွာသား ၄ ထောင်လောက် အိုးအိမ်းစွန့် ထွက်ပြေးနေကြရတာ ၁၀ ရက်ကျော်လာပြီဖြစ်တဲ့အတွက် စားရေး နေရေး ခက်ခဲနေကြတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒုက္ခသည်တွေက စားရေးသောက်တာတွေ အခက်အခဲတွေဖြစ်နေကြတယ်။ သူတို့ရှိသမျှ ဆန် ဆီ ဆားလေးတွေကလည်း အိမ်မှာရှိတဲ့ဟာတွေကလည်း စစ်တပ်က ယူသွားပြီဆိုတော့ အိမ်လည်း ပြန်ကပ်လို့လည်းမရဘူး။ ကပ်ပြန်ရင်လည်း အိမ်မှာ စားစရာမရှိ သူများပေးတာလေးနဲ့ စားနေကြရတာ။ အကုန်လုံးကို စားရေးသောက် တာ အခက်အခဲဖြစ်နေတာ။ လူဦးရေနဲ့ဆို ၄ ထောင်ကျော်လောက်ရှိမယ်။ စားဝတ်နေရေး အဆင်ပြေအောင်ကတော့ တောထဲမှာလာပြီးလှူတဲ့ဟာလေးတွေနဲ့ပဲ စားသောက်နေကြရတာ။ ညကဆို မိုးကကျတော့ မိုးတွေကမလုံ တညလုံးပဲ မအိပ်ဘဲ အလင်းထိအောင် ထိုင်နေကြရတာ။”

ကျော်ရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အတွက် အနီးပတ်ဝန်းကျင်က ကုန်းမော် ၊ ရန်ကင်း ၊ ပျားသုံး ၊ တောင်ကုန်း ၊ မဲမယ် အပါအဝင် ကျေးရွာ ၁၅ ရွာနီးပါးက ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြားမှာလည်း မတ်လ ၂၃ ရက်နဲ့ မတ်လ ၂၇ ရက် တနင်္ဂနွေနေ့တို့မှာ တိုက်ပွဲတွေရှိခဲ့ပါတယ်။ ၂ ဖက် အကျအဆုံးရှိတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဘက်ကအခြေအနေအကြောင်း သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မုံရွာ ရွှေဘိုနဲ့ ကလေးမြို့ကြီး ၄ မြို့ကလွဲပြီး စစ်ကိုင်းတိုင်းထဲက ကျန်တဲ့ ဒေသတွေအားလုံးမှာ မတ်လ အစောပိုင်းထဲကစပြီး စစ်ကောင်စီက အင်တာနက်တွေလိုင်းတွေ ဖြတ်တောက်ထားပါတယ်။ အင်တာနက်ဖြတ်ခံထားရတဲ့ နယ်မြေတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒီပဲယင်းမြို့နယ်ထဲက ဒုက္ခသည်တွေမှာလည်း အရင်ကထက် ပိုပြီး အခက်တွေ့လာတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။

“အရင်တုန်းက လမ်းလေးတွေ သွားလို့ရသေးတာပေါ့နော်။ မြို့လို့ဟာမျိုး ဈေးဝယ်လို့ရတယ်။ သွားရေးလာရေးပေါ့။ အခုက သွားရေးလာရေး အဆင်မပြေတော့ဘူး။ အဖမ်းအဆီးတွေ များလာတယ်။ အင်တာနက်တွေဖြတ်တောက်ထားတာ ဖြစ်တဲ့အတွက် သတင်းမရဘူး။ အစစ်အဆေးတွေကြမ်းလာတယ်။ လူတွေက သွားလို့လာလို့ မရတော့ဘဲ ကိုယ့်နေရာမှာပဲ ကိုယ်နေပြီးတော့ အလုပ်အကိုင်လည်း အဆင်မပြေတော့သလို ဝင်ငွေလည်းရှားပါးလာပြီး ငွေစီးဆင်းမှုမရှိတော့ဘူး။ ပိုပြီး ကြပ်သထက် ကြပ်လာတာပေါ့။”

မြို့ပေါ်မှာ ဈေးတက်ဝယ်တဲ့ ဒေသခံတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေထံ ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒါကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရသူတွေ သောင်းနဲ့ချီရှိပြီး အခြား နီးစပ်ရာ မြို့နယ်တွေကပါ လာရောက် စစ်ဘေးရှောင်သူတွေ ရှိပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ မတ် ၂၂ ရက်က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တွေကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးမှာထွက်ပြေးနေရသူ ၅ သိန်းကျော်ရှိပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရပ်စွန့်ခွါထွက်ပြေးသူ ၂ သိန်း ၇ သောင်းကျော် (၂ ၇၂,၉၀၀) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Zawgyi/Unicode]]











================

XS
SM
MD
LG