သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Silver Cruise အပျော်စီးသင်္ဘော မြန်မာကမ်းကပ်ခွင့်မပေး


ရန်ကုန်အပြည်ပြည်ဆိုင်ရာ သီလဝါ (MITT) ဆိပ်ကမ်း (မှတ်တမ်းဓာတ်ပုံ - ဇွန်၊ ၂၄၊ ၂၀၀၉)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ သီလဝါ (MITT) ဆိပ်ကမ်း (မှတ်တမ်းဓာတ်ပုံ - ဇွန်၊ ၂၄၊ ၂၀၀၉)

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ စီစဉ်ထားတဲ့ Silver Cruise အပျော်စီးသင်္ဘောဟာ COVID- 19 ရောဂါပိုး ကူးစက်ခံနေရတဲ့ နိုင်ငံတွေကနေ လာရောက်တာ ဖြစ်တဲ့အတွက် မြန်မာ့ဆိပ်ကမ်းကို ကပ်ခွင့်မပြုပဲ ငြင်းပယ်လိုက်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာအသစ် ထပ်မတွေ့တာ နှစ်ရက်ရှိပြီလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားမှာပါ။

မြန်မာနိုင်ငံထဲကို လာမယ့် မတ်လ ၄ ရက်နေ့မှာ ရောက်ရှိမယ့် အပျော်စီးသင်္ဘောအတွက် ကမ်းကပ်ခွင့်ကို ငြင်းပယ်လိုက်ပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် Silver Cruise အပျော်စီးသင်္ဘောကို မြန်မာနိုင်ငံဆိပ်ကမ်းမှာ ကပ်ခွင့်ကို ငြင်းပယ်လိုက်ပါတယ်။”

အဲဒီအပျော်စီးသင်္ဘောမှာ ခရီးသည် ၅၀၀ နီးပါးနဲ့ သင်္ဘောအမှုထမ်းပေါင်း ၄၀၀ နီးပါး လိုက်ပါလာတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့ စီစဉ်ထားတာပါ။ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက အခုရောက်ရှိမယ့် အပျော်စီးသင်္ဘောဟာ COVID- 19 ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲ ဝင်ရောက်ခဲ့ပြီးဖြစ်လို့ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာကို အကြံပြုတင်ပြထားတယ်လို့ မနေ့က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က တနင်္ဂနွေမှာ ပြုလုပ်ခဲ့တဲ့ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေးအပြီး အဲဒီအပျော်စီးသင်္ဘော ကမ်းကပ်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း ဒီကနေ့မှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာ အသစ်ထပ်မတွေ့တာ နှစ်ရက်ရှိပြီလို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပါတယ်။

“မနေ့က ၈ နာရီအထိကတော့ သံသယနဲ့ စောင့်ကြည့်လူနာ အသစ်ထပ်မတွေ့တာတော့ နှစ်ရက်ရှိပြီပေါ့နော်။ သံသယနဲ့ စောင့်ကြည့်လူနာ ၄၅ ယောက် ရှိခဲ့တယ်။ သံသယလူနာ ၂ ယောက်၊ စောင့်ကြည့်လူနာ ၄၃ ယောက်။ အဲဒီ ၄၅ ယောက်လုံးရဲ့ အဖြေက Negative ပါပဲ။ ဒါပေမယ့် ကျမတို့က Negative ဖြစ်တာနဲ့ ဆေးရုံတန်းပေးဆင်းတာ မဟုတ်ဘဲနဲ့ ဆေးရုံမှာတင် ၄၈နာရီပေါ့၊ နှစ်ရက်ဆက်စောင့်ကြည့်တဲ့ အတွက်ကြောင့်မို့လို့ ၃ ယောက်ကတော့ ဝေဘာဂီဆေးရုံမှာ မဆင်းရသေဘူးပေါ့နော်၊ ရှိနေပါသေးတယ်။”

မြန်မာနိုင်ငံမှာ ခုချိန်ထိ COVID- 19 ဓာတ်ခွဲအတည်ပြု လူနာ မရှိသေးပေမဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့အပါအဝင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ကို ဆပ်ပြာနဲ့ စနစ်တကျ မကြာခဏဆေးပေးဖို့၊ ချောင်းဆိုး နှာချေရင် ပါးစပ်အုပ်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီး၊ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့နဲ့ နေမကောင်းဖြစ်နေသူတွေနဲ့ အနီးကပ်နေထိုင်တာ ရှောင်ကြဉ်ဖို့ကို နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၆၇နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၂ရက် နေ့လည်ခင်းစာရင်းအရ လူပေါင်း ၈၉,၂၁၉ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၅ ယောက်နဲ့ သေဆုံးသူ ၇ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၃,၀၅၈ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG