သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ရေရှည်အဖြေရှာဖို့ Asean ဥက္ကဋ္ဌ စင်္ကာပူ တိုက်တွန်း


စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေအတွက် ရေရှည် နိုင်ငံရေးအဖြေရှာဖို့ အရေးကြီးပေမယ့် အမြန်ဖြေရှင်းဖို့တော့ မလွယ်ကူဘူးလို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေက ပြောဆိုလိုက်ပါတယ်။ အခုတခေါက် အာဆီယံဥက္ကဌ ဖြစ်လာတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးလည်း မြန်မာပြဿနာဟာ ASEAN နိုင်ငံတွေအားလုံးကို ထိခိုက်လာနိုင်တယ်လို့ အလေးထားပြောကြားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွင်း ခုလိုပြောဆိုခဲ့တာဟာ စင်္ကာပူရဲ့ မြန်မာနိုင်ငံတွင်း အကျိုးစီးပွါးကြီးလာတာကြောင့်လဲဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ကိုဝင်းမင်းက ဆက်ပြောပြမှာပါ။

စင်္ကာပူနိုင်ငံမှာ ဒီနေ့လုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ထွက်ပြေးရတဲ့အကြောင်းကို ဆွေးနွေးပြီး ကြေညာချက်တစောင်ထုတ်ပြန်ရာမှာ အခုလိုရေရှည်အတွက်ပြောခဲ့ကြတာပါ။ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မြန်မာနိုင်ငံ ပြဿနာက အားလုံးအတွက် ပိုအန္တရာယ်ကြီးလာတာကို သိသင့်တာက အဓိကပဲလို့ အခုလို ပြောလိုက်ပါတယ်။

“အဓိက အချက်ကတော့ အာဆီယံ နိုင်ငံတွေအနေနဲ့ အသိအမှတ်ပြုရမဲ့ အချက်ပါ။ အဲ့ဒါက ဒီမှာဖြစ်နေတဲ့ ကြီးမားတဲ့ ပြဿနာကြီးကြောင့် ကျွန်တော်တို့နိုင်ငံအားလုံးကို လာထိခိုက်မယ့် အလားအလာ အများကြီးရှိနေတာကိုပါ။”

ဒီအာဆီယံကြေညာချက်မှာ ဒုက္ခသည်တွေအနေနဲ့ မြန်မြန်နဲ့ လုံလုံခြုံခြုံ မြန်မာနိုင်ငံ ပြန်နိုင်ရေး အတွက်ကို တောင်းဆိုထားပါတယ်။ အခုလိုစင်္ကာပူနိုင်ငံက ဦးဆောင်ကြိုးပမ်းလာတဲ့အပေါ် အာဆီယံအရေးကျွမ်းကျင်သူ ထိုင်းနိုင်ငံ ချူလာလောင်ကောင်တက္ကသိုလ်က လုံခြုံရေးနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက အကြီးတန်းသုတေသီ Kavi Chongkittavorn က

“စင်္ကာပူနိုင်ငံရဲ့ မြန်မာနိုင်ငံထဲ အကျိုးစီးပွားက အများကြီးကို ကြီးမားသွားပါပြီ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အများဆုံး လုပ်တဲ့နိုင်ငံဖြစ်သွားပြီလေ။ ၄. ၂ ဘီလျံတောင်ရှိသွားတာပါ။ ဒါကြောင့် သူတို့အနေနဲ့ ဒီပြဿနာကို ဝင်ကိုင်တွယ်ရတော့မှာပါ။ မဟုတ်ရင် ဒီအကြမ်းဖက် သံသရာလည်တာကြောင့် မြန်မာနိုင်ငံထဲက စင်္ကာပူရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လာနိုင်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံက ဒီပြဿနာ နိုင်ငံတကာ မျက်နှာစာမှာ အရေးပါလာချိန်မှာ အာဆီယံအနေနဲ့လည်း ဒီပြဿနာအတွက်အဖြေရှာဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အခုလိုတိုက်တွန်းလိုက်ပါတယ်။

“လောလောဆယ်မှာတော့ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်ပေးချက်တွေအပိုင်းမှာ မြန်မာအစိုးရကို ကူညီပေးဖို့ အပြည့်အဝ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါပေမဲ နောက်ဆုံးမှာတော့ ကျွန်တော်တို လိုအပ်နေတာက ရေရှည်ခံမဲ့ နိုင်ငံရေးအဖြေ ရှာနိုင်ရေးပါ။”

ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ဘယ်လာခရစ်စနန်က ဒီပြဿနာအတွက်အမြန်ဖြေရှင်းလို့တော့မရပဲ ရေ၇ှည်အဖြေရှာသွားရမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ အဲဒီတော့ အခုလို စင်္ကာပူရဲ့ ဦးဆောင်မှု ဘယ်လောက်အထိ မြန်မာနိုင်ငံ ရခိုင်ပြဿနာကို ဖြေရှင်းနိုင်မလဲလို့ မေးရာမှာ အကြီးတန်းသုတေသီ Kavi Chongkittavorn က အရင်ထက်စာရင်တော့ မျှော်လင့်ချက်ရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။

“ဘာလို့လဲဆိုတော့ စင်္ကာပူနိုင်ငံအနေနဲ့က ဒီပြဿနာအတွက် ဒီတစ်ခေါက် သေသေချာချာ လေ့လာပြင်ဆင်ထားပုံရပါတယ်။ သိတယ်မလား၊ သူတို့ဝင်ရတော့မယ်လေ။ အခုတစ်ခေါက် က အများကြီးကို ပိုပြင်းထန်တယ်လေ၊ ဒီ မြန်မာနိုင်ငံ ပြဿနာကြောင့် ဒေသတခုလုံးကိုပါ ထိခိုက်လာနေလို့ပါ။”

တကယ်တော့ အာဆီယံအနေနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း မွတ်စလင်ပြဿနာမှာ သိပ်ပြီးထိထိရောက်ရောက် မပါဝင်နိုင်ခဲ့တာမို့ မြန်မာနိုင်ငံက ပြဿနာမှာလည်း သိပ်မလုပ်နိုင်ဘူးလို့ သုံးသပ်ချက်တွေရှိနေချိန်မှာ စင်္ကာပူ နိုင်ငံအနေနဲ့ အခုလို ဦးဆောင်ကြိုးပမ်းလာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG