သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ ဆေးခြောက် ၁ ကီလိုဂရမ် ရောင်းဝယ်မှုနဲ့ သေဒဏ်ပေး


စင်္ကာပူအကျဥ်းထောင်
စင်္ကာပူအကျဥ်းထောင်

ဆေးခြောက် ၁ ကီလိုဂရမ် ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ စင်္ကာပူမှာ အမျိုးသားတဦးကို သေဒဏ်ပေးလိုက်ပါတယ်။ အသက် ၄၆ နှစ် အရွယ် စင်္ကာပူနိုင်ငံသား တန်ဂါရာဂျူး ဆူပီးယား (Tangaraju Suppiah) ဟာ ဖမ်းဆီးခံရချိန်မှာ ဆေးခြောက်လက်ဝယ် မတွေ့ခဲ့ဘဲ သက်သေအထောက် အထား အားနည်းခဲ့လို့ သူ့ကို သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မိသားစုဝင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂကတောင်းဆိုခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မနက် အရုဏ်တက်ချိန်မှာ ကွပ်မျက်လိုက်ပါတယ်။

စင်္ကာပူအစိုးရရှေ့နေတွေဘက်ကတော့ ဖုန်းနံပါတ်တွေကို သဲလွန်စလိုက်ပြီး ခြေရာခံချက်အရ သူဟာ ဆေးခြောက်သယ်ယူပို့ဆောင်ရာမှာ ပါဝင်စီစဥ်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။ ဒါပေမယ့် တန်ဂါရာဂျူးကတော့ သူဟာ ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့တဲ့ အမှုမှာ ဆက်နွှယ်နေတဲ့အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုသူမဟုတ်ကြောင်း အခိုင်အမာ ငြင်းခဲ့ပါတယ်။

ဆွေမျိုးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက စင်္ကာပူသမ္မတဆီ အပြစ်ကလွှတ်ပေးဖို့ အသနားခံစာတွေ ပေးပို့ခဲ့ကြပါတယ်။ သူ့ရဲ့တူနဲ့တူမဖြစ်သူတို့ကလည်း ဗီဒီယို တခုပြုလုပ်ပြီး အသနားခံခဲ့ပါတယ်။

စင်္ကာပူဥပဒေအရ ဆေးခြောက် ၅၀၀ ဂရမ်အထက် ရောင်းဝယ်ဖောက်ကားရင် သေဒဏ်ကျခံရနိုင်ပါတယ်။ ဒါပေမယ့် စင်္ကာပူရဲ့ သေဒဏ် ပြစ်ဒဏ်အများစုက မူးယစ်ဆေးဝါးလုပ်ငန်းရဲ့ အောက်ခြေပိုင်းသယ်ယူပို့ဆောင်သူတွေကို အပြစ်ပေးနိုင်တာများပြီး တကယ့်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ရပ်တန့်ဖို့မစွမ်းဆောင်နိုင်ဘူးလို့ ဝေဖန်ထောက်ပြကြတာတွေလည်း ရှိပါတယ်။

မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ပြစ်မှုတွေကို သေဒဏ်စီရင်တာအပေါ် “တရားဝင် ဆိုင်းငံ့ထား” ဖို့ အင်္ဂါနေ့အစောပိုင်းက ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက စင်္ကာပူအစိုးရကို တောင်းဆိုခဲ့ပါတယ်။ မူးယစ်ဆေးပြစ်မှုတွေအတွက် သေဒဏ်ချမှတ်တာဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီသလို ထိရောက်မှုမရှိဘူးလို့ ကုလသမဂ္ဂ ပြောပါတယ်။ ဒါပေမယ့် စင်္ကာပူအာဏာပိုင်တွေကတော့ မူးယစ်မှောင်ခိုတွေဟာ သေဒဏ်ကျခံရမယ့် အတိုင်းအတာပမာဏအောက် သယ်ဆောင်လာကြတယ်ဆိုတဲ့ လေ့လာချက်တွေကို ကိုးကားပြီး သက်ရောက်မှုရှိတယ်လို့ ပြန်လည် ချေပလေ့ရှိပါတယ်။

စင်္ကာပူမှာ မနှစ်က မူးယစ်ဆေးဝါးမှုနဲ့ လူ ၁၁ ဦးကို ကွပ်မျက်ခဲ့ပါတယ်။ အဲဒီထဲမှာ စိတ်ကျန်းမာရေး ပြဿနာရှိနေတယ်လို့ သူ့ရှေ့နေတွေပြောတဲ့ မလေးရှားနိုင်ငံသားတဦးလည်းပါဝင်ခဲ့ပြီး အဲ့တုန်းကလည်း နိုင်ငံတကာက ကန့်ကွက်ဝေဖန်တာတွေ ဖြစ်ခဲ့ပါတယ်။

စင်္ကာပူရဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပေးထားပြီး မလေးရှားနိုင်ငံမှာဆိုရင်လည်း ကြီးလေးတဲ့ပြစ်မှုကြီးတွေကို မဖြစ်မနေသေဒဏ်ပေးတာမျိုး မလုပ်တော့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG