သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္ ျပန္ဖြင့္ေပးဖို႔ စစ္ေတြတကၠသိုလ္ ေက်ာင္းသားေတြ ေတာင္းဆို


ရခုိင္ျပည္နယ္တြင္ အင္တာနက္လုိင္းျပန္ဖြင့္ေရး မႏွစ္ ဒီဇင္ဘာလအတြင္းက ေတာင္းဆုိဆႏၵျပေနသူမ်ား။ (ဒီဇင္ဘာ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ AA တို႔ၾကား တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြမွာ အစိုးရက ပိတ္ပင္ထားတဲ့ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးဖုိ႔ ေဖေဖာ္ဝါရီ ၂၂ ရက္က စစ္ေတြၿမဳိ႕မွာ ေက်ာင္းသားေတြနဲ႔ သံဃာေတာ္ေတြ ဆႏၵျပ ေတာင္းဆိုခဲ့ပါတယ္။ AFP သတင္းေပၚ အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

စစ္ေရးပဋိပကၡ ႀကဳံေနရတဲ့ ရခုိင္ျပည္နယ္ ေဒသတခ်ဳိ႕မွာ အစိုးရက အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာေၾကာင့္ ေက်ာင္းသားလူငယ္ေတြ အပါအဝင္ ေဒသခံေတြ အခက္အခဲ ႀကဳံလာရတဲ့အတြက္ စစ္ေတြတကၠသိုလ္ ေက်ာင္းသားေတြ ဦးေဆာင္ၿပီး စေနေန႔က လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ တႏွစ္ေက်ာ္ တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပံု၊ ေျမာက္ဦး ၈ ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ပါဆိုရင္ စုစုေပါင္း ၉ ၿမဳိ႕နယ္ကို ၂၀၁၉ ဇြန္လ ၂၁ ရက္ေန႔ကစၿပီး ဆက္သြယ္ေရး၀န္ႀကီးဌာနက အင္တာနက္လိုင္း ပထမအႀကိမ္ ျဖတ္ေတာက္ခဲ့တာပါ။ ဒီအထဲက ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္နဲ႔ ေျမပံုၿမိဳ႕နယ္ေတြကို စက္တင္ဘာလ ၁ ရက္ေန႔တုန္းက အင္တာနက္လိုင္း ျပန္ဖြင့္ေပးခဲ့ေပမယ့္ ဒီႏွစ္ ေဖေဖာ္၀ါရီလဆန္းပုိင္းမွာေတာ့ ဒုတိယအႀကိမ္ ျပန္ၿပီး ပိတ္ပစ္ခဲ့ပါတယ္။

အစိုးရက အခုလို အင္တာနက္လိုင္း ျဖတ္ထားတာေၾကာင့္ ပညာသင္ၾကားေရးမွာ လိုအပ္တဲ့ ေငြေၾကးမွာယူဖို႔ အခက္အခဲ ႀကဳံလာရတယ္လို႔ ဆႏၵျပေက်ာင္းသူ မစိုးႏွင္းမိုးက ေျပာပါတယ္။

“က်မတို႔ မိဘေတြနဲ႔ေရာ ညီအစ္ကိုေမာင္ႏွမေတြနဲ႔ေရာ တခုမွ အဆက္အသြယ္ မရဘူး။ က်မတုိ႔ ေက်ာင္းတက္ေနတာ ဒီလုိမ်ဳိး မိဘေတြနဲ႔ ဆက္သြယ္မႈမရွိရင္ က်မတို႔ ဘယ္ကပိုက္ဆံနဲ႔ ပညာဆက္သင္ေနရမွာလဲ။”

အင္တာနက္ျဖတ္ေတာက္တာဟာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈတမ်ဳိး ျဖစ္တာေၾကာင့္ ရခုိင္နဲ႔ ခ်င္းျပည္နယ္က ၉ ၿမဳိ႕နယ္မွာ လိုင္းေတြျပန္ဖြင့္ေပးဖို႔ လူထုအေျချပဳ လူမႈအဖြဲ႔အစည္း ၁၀၅ ဖြဲ႔က ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ အစိုးရကို ေတာင္းဆိုခဲ့ေပမယ့္ ခုခ်ိန္ထိေတာ့ ျပန္မဖြင့္ေသးပါဘူး။

အင္တာနက္လိုင္း ျဖတ္ေတာက္မႈေၾကာင့္ ႀကဳံေနရတဲ့ အေျခအေနကို NLD အစိုးရက သိေစခ်င္ၿပီး ႏုိင္ငံတကာ မီဒီယာေတြကိုလည္း လြတ္လပ္စြာ သတင္းယူခြင့္ ျပဳေစခ်င္တယ္လို႔ ဆႏၵျပပြဲက ေက်ာင္းသားေခါင္းေဆာင္ ကိုတိုးတုိးေအာင္က ေျပာပါတယ္။

“ဒီလို ခြင့္မျပဳေပးတဲ့ ဆုိးက်ဳိးေတြ က်ေနာ္တုိ႔ အခုခံစားေနရတယ္။ ဒါကုိ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္နဲ႔တကြ လက္ရွိ အာဏာရပါတီကုိ က်ေနာ္တို႔ ေျပာခ်င္တယ္၊ ေတာင္းဆုိခ်င္တယ္။”

အခုဆိုရင္ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၉ ၿမဳိ႕နယ္မွာ အင္တာနက္ ျဖတ္ေတာက္ထားတာ ရက္ေပါင္း ၂၅၀ ေလာက္ရွိလာၿပီး ေဒသခံ ၈ သိန္းေလာက္ရဲ႕ ေန႔စဥ္ဘ၀ လုံၿခံဳမႈ၊ စား၀တ္ေနေရး၊ ပညာေရးနဲ႔ က်န္းမာေရးကိစၥေတြမွာ ဆုံး႐ႈံးမႈေတြ ႀကဳံေနရတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာပါတယ္။

------------------------------------

(Unicode)

အင်တာနက် ပြန်ဖွင့်ပေးဖို့ စစ်တွေတက္ကသိုလ် ကျောင်းသားတွေ တောင်းဆို

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရက ပိတ်ပင်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ ဖေဖော်ဝါရီ ၂၂ ရက်က စစ်တွေမြို့မှာ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ AFP သတင်းပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ရေးပဋိပက္ခ ကြုံနေရတဲ့ ရခိုင်ပြည်နယ် ဒေသတချို့မှာ အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ကျောင်းသားလူငယ်တွေ အပါအဝင် ဒေသခံတွေ အခက်အခဲ ကြုံလာရတဲ့အတွက် စစ်တွေတက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး စနေနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ တနှစ်ကျော် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ပါဆိုရင် စုစုပေါင်း ၉ မြို့နယ်ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း ပထမအကြိမ် ဖြတ်တောက်ခဲ့တာပါ။ ဒီအထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေကို စက်တင်ဘာလ ၁ ရက်နေ့တုန်းက အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ ဒုတိယအကြိမ် ပြန်ပြီး ပိတ်ပစ်ခဲ့ပါတယ်။

အစိုးရက အခုလို အင်တာနက်လိုင်း ဖြတ်ထားတာကြောင့် ပညာသင်ကြားရေးမှာ လိုအပ်တဲ့ ငွေကြေးမှာယူဖို့ အခက်အခဲ ကြုံလာရတယ်လို့ ဆန္ဒပြကျောင်းသူ မစိုးနှင်းမိုးက ပြောပါတယ်။

“ကျမတို့ မိဘတွေနဲ့ရော ညီအစ်ကိုမောင်နှမတွေနဲ့ရော တခုမှ အဆက်အသွယ် မရဘူး။ ကျမတို့ ကျောင်းတက်နေတာ ဒီလိုမျိုး မိဘတွေနဲ့ ဆက်သွယ်မှုမရှိရင် ကျမတို့ ဘယ်ကပိုက်ဆံနဲ့ ပညာဆက်သင်နေရမှာလဲ။”

အင်တာနက်ဖြတ်တောက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတမျိုး ဖြစ်တာကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က ၉ မြို့နယ်မှာ လိုင်းတွေပြန်ဖွင့်ပေးဖို့ လူထုအခြေပြု လူမှုအဖွဲ့အစည်း ၁၀၅ ဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အစိုးရကို တောင်းဆိုခဲ့ပေမယ့် ခုချိန်ထိတော့ ပြန်မဖွင့်သေးပါဘူး။

အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့် ကြုံနေရတဲ့ အခြေအနေကို NLD အစိုးရက သိစေချင်ပြီး နိုင်ငံတကာ မီဒီယာတွေကိုလည်း လွတ်လပ်စွာ သတင်းယူခွင့် ပြုစေချင်တယ်လို့ ဆန္ဒပြပွဲက ကျောင်းသားခေါင်းဆောင် ကိုတိုးတိုးအောင်က ပြောပါတယ်။

“ဒီလို ခွင့်မပြုပေးတဲ့ ဆိုးကျိုးတွေ ကျနော်တို့ အခုခံစားနေရတယ်။ ဒါကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တကွ လက်ရှိ အာဏာရပါတီကို ကျနော်တို့ ပြောချင်တယ်၊ တောင်းဆိုချင်တယ်။”

အခုဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ၉ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ ရက်ပေါင်း ၂၅၀ လောက်ရှိလာပြီး ဒေသခံ ၈ သိန်းလောက်ရဲ့ နေ့စဉ်ဘ၀ လုံခြုံမှု၊ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG