သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းသက်သာခွင့်နဲ့ ဖမ်းဆီးခံတွေ ပြန်လွတ်လာဖို့ မိသားစုတွေမျှော်လင့်


လွတ်ငြိမ်းသက်သာခွင့်နဲ့ မိသားစုဝင်ထဲက ပြန်လွတ်လာမလားဆိုပြီး စောင့်မျှော်နေသူများ။ (၁၈ အောက်တိုဘာ ၂၀၂၁)
လွတ်ငြိမ်းသက်သာခွင့်နဲ့ မိသားစုဝင်ထဲက ပြန်လွတ်လာမလားဆိုပြီး စောင့်မျှော်နေသူများ။ (၁၈ အောက်တိုဘာ ၂၀၂၁)

[[ Zawgyi ]]

ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အမှုပြန်ရုပ်သိမ်းမှုတွေကြောင့် နိုင်ငံတဝန်းက အကျဉ်းထောင် ၊ အချုပ်ထောင်တွေကနေ ပြန်လွတ်လာသူပေါင်း ၂,၅၀၀ ကျော် ရှိနေပြီလို့ နိုင်ငံပိုင် သတင်းစာတွေက စာရင်းတွေ ထုတ်ပြန်ထားပါတယ်။ လွတ်ငြိမ်းသက်သာခွင့်အရ မနက်လွှတ် ညနေ ပြန်လည်ဖမ်းခံရသူတွေလည်း ရှိနေတာကြောင့်၊ ဒီလွတ်ငြိမ်းသက်သာမိန့်ဟာ နိုင်ငံတကာ ဖိအားလျော့လာဖို့ ဟန်ပြဖြစ်မယ်လို့ ယူဆပြောဆိုမှုတွေလည်းရှိပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာ သိမ်းတဲ့အပေါ် ဆန့်ကျင်လို့ ဖမ်းဆီး ထောင်ချခံထားရသူ စွဲချက်တင်ခံရသူ ၅,၀၀၀ ကျော်ကို အမှုလွတ်ငြိမ်းသက်သာခွင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလူတွေကို အောက်တိုဘာ ၁၈ ရက်ကနေစပြီး ၃ ရက်ကြာစိစစ် လွှတ်ပေးမယ်လို့ သိထားရတာပါ။

အမည်မဖော်လိုသူ အင်းစိန်ထောင်တာဝန်ရှိသူတဦးကို ဗွီအိုအေက အောက်တိုဘာ ၂၀ ရက်ညနေ ၄ နာရီအချိန် ဆက်သွယ်တာမှာတော့ ရုံးပိတ်ရက်ဖြစ်ပြီး၊ စိစစ်မှုတွေ မပြီးပြတ်တာကြောင့် ဒီကနေ့ လွှတ်ပေးနိုင်ဖို့ အခြေအနေ နည်းတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း အခုလို ပြန်လွတ်လာသူတွေထဲမှာ အင်းစိန် ဗဟိုအကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ၁,၀၀၀ ကျော်ရှိပြီး လွတ်လာသူ အများဆုံးဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ အစီအစဉ်အတိုင်း အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ ရှိမရှိနဲ့ ဆက်လက်လွှတ်ပေးမယ့် လူဦးရေ စာရင်းနဲ့ပတ်သတ်လို့ မေးမြန်းတဲ့ အပေါ် ထုတ်ပြောဆိုတာ မရှိခဲ့ပါဘူး။ လက်ရှိမှာ လွတ်လာသူ အများဆုံးဖြစ်တဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်ဘက်က ပြီးခဲ့တဲ့ ၂ ရက်အတွင်း လူပေါင်း ၁၀၀၀ ကျော်လောက် လွှတ်ပေးခဲ့တယ်လို့ တာဝန်ရှိသူတဦးက အတည်ပြုပါတယ်။

ဗုဒ္ဓဟူးမှာ လွှတ်ပေးနိုင်ချေနည်းတာကို အကျဉ်းသားအရာရှိတဦးက ပြောပေမယ့်လည်း၊ ညနေပိုင်းကျမှ လွတ်လာသူတချို့ ရှိနေတယ်လို့ သားနှစ်ယောက် လွတ်လာမလားဆိုပြီး အင်းစိန်ထောင်ရှေ့ သွားစောင့်နေတဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

" လှည်းကူးလား တိုက်ကြီးလားမသိဘူး အဲဒါ ၂၈ ယောက်။ အင်းစိန်က ၈ ယောက် ခုလေးတင်မှ လာပြောတာ။ တပွင့်နဲ့ဗိုလ်ကလေ .. အန်တီတို့က နောက်ဂိတ်ရောက်နေတယ် သူတို့က ရှေ့ဂိတ်ကလွှတ်တာ။ အန်တီတို့က မျှော်လင့်ချက်တွေ အများကြီး ရှိတာပေါ့သမီးရယ်။ အန်တီသားတွေက လူငယ်တွေဘဲဟာကို သူတို့မှာ အလုပ်အကိုင်တွေ လုပ်ရဦးမယ်၊ အငယ်ကောင်ဆိုလည်း စည်ပင်ဝင်ရအောင် အများကြီးစီစဉ်ထားတာ ရှိတယ်လေ။ အကြီးကောင်လည်း စာမေးပွဲဖြေနေတယ် GTC လေ ၅၀၅ တွေ လွှတ်တယ်ဆိုတော့ ကိုယ့်သားသမီးကို လွတ်စေချင်တာပေါ့ ။"

ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အမှုပြန်ရုပ်သိမ်းမှုတွေကြောင့် နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ လွတ်လာသူ အယောက် ၂,၅၀၀ ကျော်ရှိပါတယ်။ ဒီစာရင်းတွေဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာတွေထဲက စာရင်းတွေ ပေါင်းခဲ့တာ ဖြစ်ပါတယ်။

သီတင်းကျွတ်ကာလ လွတ်ငြိမ်းသက်သာခွင့်နဲ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးနေပေမယ့် ပြန်လွတ်လာပြီးမှ တခြားပုဒ်မတွေကြောင့် ပြန်လည် ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။ မိတ္ထီလာမှာပြန်လွှတ်ပေးပြီးမှ ပြန်ထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ရှိခဲ့သလို၊ ကျော်ကြားသူတွေထဲကဆို အဆိုတော် တဦးဖြစ်တဲ့ အီတိုးဟာလည်း အင်းစိန်ထောင်ကနေ အင်္ဂါနေ့ညက လွတ်လာပေမဲ့ သူ့ကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ဖမ်းသွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

လူကို ပြန်လွှတ်ပေးလိုက်ပေမယ့် စိတ်မလွတ်လပ်တဲ့အဖြစ်တွေ ခံစားနေရသူတွေလည်း ရှိနေပါတယ်။ အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီပေးနေတဲ့ ရှေ့နေတဦးကတော့ ပြန်လည် လွှတ်ပေးတဲ့ အစီအစဉ်နဲ့ပတ်သတ်ပြီး ကြုံတွေ့နေရတဲ့ အခြေအနေအပေါ် အခုလို ပြောပြပါတယ်။

" တချို့နေရာတွေမှာ မနက်ခေါ် ညနေပြန်ဖမ်းတာ တွေ့ရတယ်။ ကျနော်ထင်တာတော့ ဒီလိုဖြစ်လိမ့်မယ်။ အခြေအနေ ပရက်ရှာတွေ များလာလို့လွတ်တယ်။ သို့သော်လည်း Key ကျမယ် ဆိုတဲ့လူတွေကိုပြန်ထိန်းမယ်ဆိုတဲ့ လက္ခဏာ။ အဲဒီခါကျ လွတ်သွားတယ်။ လွတ်သွားတယ်ဆိုပေမယ့် ပေ့ါပေါ့မနေဘဲ ပြန်ဖမ်းနိုင်တယ် ဆိုတဲ့သတင်းလည်း ပေးချင်တယ်။ ပြန်လုပ်ချင်တာ လုပ်ရတယ်လို့ ပြချင်တဲ့သဘောရယ်၊ ပြီးတော့ နိုင်ငံတကာမှာတော့ စာရင်းက တက်သွားပြီဆိုတာမျိုး ပြချင်တာပေါ့။ စာရင်းကို ပြချင်တယ်။ ထွက်လာတဲ့ သူတွေကိုလည်း သူတို့ လုပ်ချင်ရင်လုပ်ချင်သလို လုပ်ပြနိုင်တယ်ဆိုတာ ပြချင်တယ်လို့ မြင်တယ်။ "

လက်ရှိချိန်ထိ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်လို့ ဖမ်းဆီးခဲ့သူတွေကို လွတ်ငြိမ်းသက်သာခွင့် ပြုတဲ့ထဲမှာတော့ NLD ဗဟိုအမှုဆောင်တဦးဖြစ်တဲ့ မုံရွာအောင်ရှင်ကလွဲလို့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေတော့ မပါကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{{ Unicode }}













XS
SM
MD
LG