သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုပြ တရုတ်မြေပုံသစ် မလေးရှားပယ်ချ


တောင်တရုတ်ပင်လယ်အတွင်း မလေးရှားကမ်းလွန်ပင်လယ်ပြင်ထဲက ကမ်းလွန်ရေပိုင်နက်ကို ပိုင်ဆိုင်ကြောင်းဖော်ပြထားတဲ့ တရုတ်မြေပုံအသစ်ကို မလေးရှားအစိုးရက ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်ပယ်ချလိုက်ပါတယ်။

ဘော်နီယိုကျွန်းရှိ မလေးရှားရဲ့သီးသန့်စီးပွားရေးဇုန်ရေပြင်နဲ့ ဆာဘား (Sabah) နဲ့ ဆာရာဝပ် (Sarawak) ပြည်နယ်တွေရဲ့ ကမ်းလွန်ပင်လယ်ပြင်အထိ တဖက်သတ်တောင်းဆိုမှုတွေပါဝင်တဲ့ “စံမြေပုံ” ကို တရုတ်က ဒီသီတင်းပတ်ထဲထုတ်ပြန်ခဲ့တာပါ။

“မလေးရှားရဲ့ရေပိုင်နက်ကိုလွှမ်းခြုံထားတဲ့ 'တရုတ် စံမြေပုံ ၂၀၂၃ ' မှာ ဖော်ပြထားတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့တောင်းဆိုမှုတွေကို အသိအမှတ်မပြုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေးဟာ “ရှုပ်ထွေးပြီး အကဲဆတ်တဲ့” အခြေအနေလို့ မလေးရှားအစိုးရကပြောပြီး ဒီအငြင်းပွားမှုကို နိုင်ငံတကာဥပဒေအပေါ်အခြေခံပြီး ငြိမ်းချမ်းစွာနဲ့ ဆင်ခြင်တုံတရားနဲ့ ကိုင်တွယ်ဖြေရှင်းရမယ်လို့ဆိုပါတယ်။ မလေးရှား အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိတဲ့ ‘ပင်လယ်ရေကြောင်းဆိုင်ရာ ကျင့်ထုံးဥပဒေတရပ်’ကို ပြဌာန်းဖို့ကို ထောက်ခံကြောင်းလည်း ပြောပါတယ်။

တရုတ်နဲ့အာဆီယံနိုင်ငံတွေကြား တောင်တရုတ်ပင်လယ်ထဲမှာ ရေပိုင်နက် အငြင်းပွားနေကြပြီး စကားလုံး စစ်ပွဲတွေ၊ တင်းမာမှုတွေ ဖြစ်နေတာပါ။ တရုတ်နိုင်ငံအနေနဲ့ ရပိုင်ခွင့် တောင်းဆိုဖို့ အတွက် ဥပဒေအရ ခိုင်ခိုင်မာမာအခြေခံမရှိကြောင်း နိုင်ငံတကာတရားရုံးက စီရင်ချက်ချခဲ့ပေမယ့် တရုတ်ဘက်ကတော့ တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာပါ။ ဒီပင်လယ်ရေကြောင်းဟာ စီးပွားရေးအရအရေးပါပြီး နှစ်စဥ် ဒေါ်လာထြီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေ အဲဒီမှာ ဖြစ်ထွန်းနေတာလည်း ဖြစ်ပါတယ်။

အဲဒီ ရေပြင်ကို မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပြီး အမေရိကန်ကတော့ နိုင်ငံတကာ ရေပိုင်နက်အတွင်း လွတ်လွတ်လပ်လပ် ရေကြောင်းသွားလာခွင့် ရှိစေဖို့ ရေတပ်သင်္ဘောတွေ အဲဒီမှာ စေလွှတ်ပေးထားပါတယ်။

၂၀၂၁ ခုနှစ်တုန်းက တရုတ်သင်္ဘောတွေေသီးသန့်စီးပွားရေးဇုန်အတွင်း ဝင်လာလို့ တရုတ် အထူးသံတမန်ကို မလေးရှားအစိုးရက ဆင့်ခေါ်ကန့်ကွက်ခဲ့ဖူးပါတယ်။ မကြာသေးမီနှစ်တွေအတွင်းမှာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံက ကျွန်းတုတွေ အရှိန်မြှင့် တည်ဆောက်နေပြီး တချို့ကို စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ လေယာဥ◌် ပြေးလမ်းတွေပါ ထားရှိထားပါတယ်။

တရုတ်သင်္ဘောတွေက ငါးဖမ်းလှေတွေကို နှောင့်ယှက်ကြောင်း တခြား အရှေ့တောင်အာရှနိုင်ငံတွေကလည်း မကြာခဏ စွပ်စွဲလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG