သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား - မြန်မာစီးပွားဆက်ဆံရေး တိုးမြှင့် 


တောင်ကိုရီးယား - မြန်မာစီးပွားဆက်ဆံရေး ဖိုရမ် ( MOI)
တောင်ကိုရီးယား - မြန်မာစီးပွားဆက်ဆံရေး ဖိုရမ် ( MOI)

တောင်ကိုရီးယား သမ္မတ Moon Jae in ရဲ့ မြန်မာနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ ကြာသပတေးနေ့ကတော့ မြန်မာ- ကိုရီးယား စီးပွားရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ၂ နိုင်ငံကြား ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ ၅ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ Moon ဟာ သူ့ရဲ့ New Southern Policy လို့ခေါ်တဲ့ “တောင်ပိုင်းဒေသ မူဝါဒအသစ်” ကို မြှင့်တင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ စီးပွားရေးဆက်ဆံမှု အပါအဝင် နက်ရှိုင်းတဲ့ ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုသူ့ရဲ့ မြန်မာခရီးစဉ်အတွင်း ၂ နိုင်ငံ အစိုးရချင်းကြားမှာရော၊ အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေကြား နဲ့ ၂ နိုင်ငံ လုပ်ငန်းရှင် အချင်းချင်းကြားမှာပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အပါအဝင် နားလည်မှု စာချွန်လွှာ စုစုပေါင်း ဆယ်ခုကို လက်မှတ်ရေးထိုးခဲ့တာပါ။

တောင်ကိုရီးယားရဲ့ ထင်ရှားတဲ့ ဘဏ်ကြီး ၄ ခုထဲက KB Kookmin ဘဏ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တို့ကြား အိမ်ခြံမြေလုပ်ငန်း အတွက် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ နားလည်မှု စာချွန်လွှာလည်း လက်မှတ်ရေးထိုးခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ကတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြေဧက ၅၀၀ ကျော်ပေါ်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံကုန်ကျမယ့် ကိုရီယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို စတင်ကြောင်း ကြေညာခဲ့သလို ရန်ကုန်တိုင်း ဒလမြို့နယ် မြို့ပြစီမံကိန်းအတွက် မြန်မာ-ကိုရီးယား ၂ နိုင်ငံကြား နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးဖို့ စီစဉ်ခဲ့တာပါ။

စက်တင်ဘာ ၃ရက်နေ့ကတော့ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ရော သမ္မတ ဦးဝင်းမြင်နဲ့ပါ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးရေး အပါအဝင် ကိစ္စရပ် မျိုးစုံကို ဆွေးနွေးခဲ့ပါတယ်။

ကိုရီးယားသမ္မတဟာ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ ၆ ရက်တာခရီးစဉ်ရဲ့ တစိတ်တဒေသအဖြစ်နဲ့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်လာတာဖြစ်ပြီး သူဟာ ၁၉၈၃ နောက်ပိုင်း မြန်မာပြည်ကိုလာခဲ့တဲ့ တတိယမြောက် ကိုရီးယားသမ္မတလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG