သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုးရီးယားနဲ့ မြန်မာခေါင်းဆောင်ကြား နှစ်နိုင်ငံစီးပွားရေး ရေရှည်ဖွံ့ဖြိုးဖို့ ကြိုးပမ်း


တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့က သီးသန့် တွေ့ဆုံ ခဲ့ကြပြီး အဓိကအားဖြင့်တော့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ စီးပွား ဆက်ဆံရေး တိုးမြှင့်ဖို့ တောင်ကိုရီးယားဘက်က ဒေါ်လာ သန်း ၁ ထောင်ထိ တိုးမြှင့်ဖို့ လျာထားတဲ့ အကြောင်း သမ္မတ မွန်းဂျေအင်းက ပြောဆိုခဲ့သလို နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ၆ ခု ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တာင်ကိုရီးယား သမ္မတနဲ့ မြန်မာ ခေါင်းဆောင်တွေကြား ဆွေးနွေး ဆောင်ရွက်ချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ နိုင်ငံတော် ခရီးစဉ် အဖြစ်နဲ့ အင်္ဂါနေ့က ဆိုက်ရောက်လာတဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာမှာတော့ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးရေး အပါအဝင် ကိစ္စရပ် မျိုးစုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင်ကိုရီးယားရဲ့ တောင်ပိုင်းဆိုင်ရာ မူဝါဒကို ရှေ့ရှုတဲ့ အနေနဲ့ ကိစ္စရပ် သုံးခုကို ဆက်လက် အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောဆိုသွားပါတယ်။

“ပထမဆုံး အနေနဲ့တော့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရေး အတွက် အခြေခံ အဆောက်အအုံတွေ၊ အဖွဲ့အစည်းဆိုင်ရာ အခြေခံတွေ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကိုရီးယား မြန်မာ စက်မှုဇုန်ဟာဆိုရင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ ထူးခြားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာစေမှာ ဖြစ်ပြီး နှစ်နိုင်ငံ အကျိုးတူ ဖွံ့ဖြိုးစေမှာပါ။ စက်မှုဇုံမှာ one-stop ဝန်ဆောင်မှုကိုလည်း တည်ဆောက်မှာပါ။ မြန်မာ အစိုးရရဲ့ ထောက်ပံ့ပေးမှု အတွက် ကျေးဇူးတင်ပါတယ်။ ဒီအချက်ကြောင့် ဈေးကွက်ချဲ့ထွင်ဖို့ စဉ်းစားနေကြတဲ့ ကိုရီးယား ကုမ္ပဏီတွေ အတွက် အထောက်အကူကောင်း ဖြစ်မယ်လို့ မျှော်လင့်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း တွန်းအား ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် ဖွ့ံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း သဘောတူခဲ့ကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။

“ဒုတိယ အချက်အနေနဲ့ကတော့ ကျနော်တို့ နှစ်နိုင်ငံ အနေနဲ့ ဖွံ့ဖြိုးရေးမှာ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရေး ဖန်တီးပေးဖို့ မြန်မာနိုင်ငံ အတွက် အမေရိကန် ဒေါ်လာ သန်း ၁ ထောင် အသုံးပြုဖို့ လျာထားပါတယ်။ ဒီလို ဆောင်ရွက်ခြင်း အားဖြင့် ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေခံ အုတ်မြစ်ချလိုက်တာပါ။”

နေပြည်တော် သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက အခုလို ပြောဆိုသွားတာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ၆ ခု လက်မှတ်ရေးထိုးနိုင်ခဲ့တာကို ရည်ရွယ်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“နားလည်မှု စာချွန်လွှာ MOU ၆ ခု လက်မှတ်ရေးထိုး နိုင်ခဲ့တာဟာဆိုရင်လည်း နှစ်နိုင်ငံ အတွက် ပိုပြီး ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အခြေခံကောင်းလို့လည်း ကျမတို့ ယူဆပါတယ်။”

၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် ချေးငွေဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ကုန်သွယ်ရေးနဲ့ စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ တောင်ကိုရီးယား လုပ်ငန်းတွေ အတွက် သတင်းအချက်လက် စင်တာ တည်ထောင်ရေး၊ သဘောၤလိုင်း၊ သဘောၤကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ထွန်းသစ်စ လုပ်ငန်းများနဲ့ တီထွင်ဆန်းသစ်ခြင်း နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာတွေကို တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာလူငယ်တွေကို စွမ်းရည် မြှင့်တင်ပေးရေးနဲ့ ဖွံ့ဖြိုးရေး အတွက် ကြိုးစားနေတဲ့ မြန်မာနိုင်ငံ အတွက် တောင်ကိုရီးယားဘက်က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက အထောက်အကူ ဖြစ်စေမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ရရှိရေး အတွက်လည်း မြန်မာ အစိုးရဘက်က ဘက်ပေါင်းစုံက ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အပြင် နိုင်ငံရေး အခြေအနေတွေကိုလည်း ဖလှယ်ဆွေးနွေးခဲ့ကြတာပါ။ နိုင်ငံတည်ဆောက်ရေးမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ကို လည်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ကျမတို့ နှစ်နိုင်ငံက တနိုင်ငံနဲ့ တနိုင်ငံ သိပ်ပြီး နီးစပ်ကြပြီး ပြည်သူ အချင်းချင်း အနေနဲ့လည်း ရှေ့လျှောက် နှစ်တွေ နှစ်တွေတိုင်းမှာ ပိုပြီး ရင်းနှီးလာစေဖို့ မျှော်လင့်ပါတယ်။ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး သမ္မတ မွန်းဂျေအင်းရဲ့ ငြိမ်းချမ်ရေး စေ့စပ်ဆွေးနွေးမှုတွေ အတွက်လည်း ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်း တည်ငြိမ်မှုဟာ ကိုရီးယား နှစ်နိုင်ငံ အတွက်တင် မဟုတ်ပါဘူး၊ ကျမတို့ ဒေသတွင်း အတွက်တင်မဟုတ်ဘဲ တကမ္ဘာလုံး အတွက် ဖြစ်ပါတယ်။ နှစ်ဦး နှစ်ဘက် နားလည်မှုနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။”

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကလည်း မြန်မာ့ ငြိမ်းချမ်းရေး အတွက် တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရက ထိပ်တန်း ဦးစားပေး အဖြစ် ထားရှိပြီး ရခိုင်အရေး ဖြေရှင်းမှု အပါအဝင် တိုင်းရင်းသား ပေါင်းစုံ အကြာ သဟဇာတဖြစ်ပြီး ညီညွတ်မှုရဖို့ ကြိုးစားနေတာကိုလည်း ကျနော် သိရှိထားပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးမှာ မြန်မာနိုင်ငံတွင်းက ဘက်ပေါင်းစုံ အနေနဲ့ အချင်းချင်း ရိုင်းပင်းကူညီမှုနဲ့ တိုးတက်မှုတွေ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံတွင်း တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ရှိနေပြီး ခန့်မှန်းခြေ တောင်ကိုရီးယား လုပ်ငန်းပေါင်း ၂၀၀ ကျော် စီးပွားရေး လုပ်ကိုင်နေတာပါ။ မြန်မာနဲ့ တောင်ကိုရီးယား ကြား သံတမန် ဆက်ဆံမှုဟာဆိုရင်လည်း လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ၄၅ နှစ် ပြည့်မှာလည်း ဖြစ်ပါတယ်။


XS
SM
MD
LG