တောင်ကိုရီးယားနိုင်ငံမှာ Jeju Air လေကြောင်းလိုင်းနဲ့ Muan နိုင်ငံတကာ လေဆိပ်လုပ်ငန်းတွေကို ကြီးကြပ်တဲ့လုပ်ငန်းရုံးတွေကို ရဲတွေ ဒီနေ့ ဝင်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။
တနင်္ဂနွေနေ့တုန်းက လူပေါင်း ၁၇၉ ယောက် သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုအပေါ် တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေတာနဲ့အတူ Seoul မြို့တော်မှာရှိတဲ့ Jeju Air လေကြောင်းလိုင်းရုံးကိုရော၊ Muan မြို့မှာရှိတဲ့ လေကြောင်းပျံသန်းမှု ထိန်းချုပ်ရေးဌာနရုံးတွေကိုပါ စုံစမ်းစစ်ဆေးသူတွေ ဒီနေ့ ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ Jeolla ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ် ကြံ့ခိုင်မှုနဲ့ဆိုင်တဲ့မှတ်တမ်းတွေ၊ လေဆိပ်လုပ်ငန်းလည်ပတ်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ရဲက သိမ်းဆည်းခဲ့ပါတယ်။
Muan လေဆိပ်က လေယာဉ်ပျက်ကျခဲ့တဲ့နေရာမှာလည်း စစ်သားတွေ၊ ရဲတွေနဲ့ ဝတ်စုံအဖြူတွေ ဝတ် ထားကြတဲ့ စုံစမ်းစစ်ဆေးမှူးတွေက နောက်ထပ်သဲလွန်စတွေရဖို့ အသေးစိတ် ရှာဖွေနေကြပါတယ်။ ထိုင်းနိုင်ငံကနေ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၈၁ ယောက်နဲ့ ပျံသန်းလာတဲ့ Boeing 737 လေယာဉ်ဟာ ပြေးလမ်းပေါ် ဝမ်းဗိုက်နဲ့ ဆင်းသွားပြီး ပြေးလမ်းအဆုံးမှာ ကာဆီးထားတဲ့တံတိုင်းနဲ့ တိုက်မိခဲ့လို့ ခရီးသည်အားလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ်နောက်ပိုင်းမှာရှိနေတဲ့ လေယာဉ်မောင် တယောက်နဲ့ လေယာဉ်မယ်တယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။
Forum