သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရောက်မြန်မာတွေအကြား ရောဂါစောင့်ကြည့်နေ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ထဲရှိ လမ်းဖြတ်ကူးနေသော လူတစုကို တွေ့ရစဉ် (ဖေဖော်ဝါရီ၊ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

Covid- 19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု အဆင့် ၄ - စိုးရိမ်အဆင့် ရောက်နေပြီဖြစ်တဲ့ တောင်ကိုရီးယားမှာ မြန်မာအလုပ်သမား ၄၀,၀၀၀ နီးပါးရှိပြီး ရောဂါပိုး ကူးစက်ခံရတဲ့ မြန်မာလုပ်သား လုံးဝ မရှိသေးဘူးလို့ တောင်ကိုရီးယားဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။ နေရပ် ပြန်ချင်တဲ့ မြန်မာအလုပ်သမားတွေ အတွက်လည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားသံအရာရှိက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် စုစုက ပြောပြသွားမှာပါ။

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေဟာ နောက်ဆုံးအဆင့် ၄ ဖြစ်တဲ့ စိုးရိမ်အဆင့်ကို ရောက်နေပြီလို့ သမ္မတ မွန်ဂျေအင်းက မနေ့က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် တောင်ကိုရီးယားဟာ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီကနေ့ညနေအထိ စာရင်းတွေအရ ကူးစက်ခံထားရသူ ၈၃၃ ဦးနဲ့ သေဆုံးသူကတော့ ၈ ဦးအထိ ရှိလာပါပြီ။

ကူးစက်ပြန့်ပွားနှုန်း စိုးရိမ်အဆင့်သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယားမှာ မြန်မာလုပ်သားက ၄၀,၀၀၀ နီးပါး (၃၅,၅၀၀ ကျော်) ရှိနေပေမဲ့လည်း ရောဂါကူးစက်ခံရတာ လုံးဝမရှိသေးဘူးလို့ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။

“လက်ရှိအခြေအနေအရတော့ ကျနော်တို့ မြန်မာလုပ်သားတွေထဲမှာတော့ ကူးစက်ခံရတဲ့ လူနာမရှိသေးပါဘူး။ ကျနော်တို့လည်း မြန်မာအဖွဲ့အစည်းတွေ၊ မြန်မာလုပ်သားတွေနဲ့ စဉ်ဆက်မပြတ်ပေါ့နော်၊ ဒေသအလိုက် လှမ်းဆက်သွယ်ပြီးတော့ ထူးခြားမှုရှိရင် အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းဖို့ရန်အတွက် ပြောထားပြီးသားပါ။”

ကိုရိုနာပိုး လက္ခဏာမပြဘဲ သယ်ဆောင်ကူးစက်နိုင်ကြောင်း တွေ့ရတဲ့အကြောင်းကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါပြီ။

တောင်ကိုရီးယားမှာ အခုလက်ရှိနေထိုင်နေတဲ့ မြန်မာလုပ်သား အများစုဟာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်နဲ့ လာရောက်လုပ်ကိုင်နေကြသူတွေပါ။ သူတို့တွေအနေနဲ့ ရောဂါကူးစက်မှုနှုန်း မြင့်မားနေတဲ့ အခြေအနေကို စိုးရိမ်လို့ မြန်မာပြည်ကို ပြန်ချင်တယ်ဆိုရင် အလုပ်ရှင်ဆီက ခွင့်ပြုချက်ကို တောင်းဖို့လိုသလို အဲဒီအတွက် လိုအပ်တဲ့ အကူအညီ ရှိလာရင်လည်း မြန်မာသံရုံးအနေနဲ့ ကူညီပေးသွားမယ်လို့ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။

“ကျနော့်ဆီကို အကြံဉာဏ်လှမ်းတောင်းတဲ့ လုပ်သားလူငယ်တွေကိုလည်း ပြောပါတယ်။ ဒီကြားထဲမှာ နှစ်ယောက်လောက်တော့ သူ့မိသားစုကလည်း စိုးရိမ်တယ်ဆိုပြီးတော့ ပြန်ချင်လာလို့ ဆက်သွယ်လာတော့ - နံပါတ် ၁ အနေနဲ့ အလုပ်ရှင် အလုပ်သမားကြားမှာ အရင်ညှိနှိုင်းခိုင်းပါတယ်။ ခွင့်ရက်ဘယ်လောက် ပေးနိုင်မလဲပေါ့။ အဆင်မပြေဘူးဆိုရင် ကျနော့်အနေနဲ့ လှမ်းပြီးတော့ အလုပ်ရှင်နဲ့ ညှိနှိုင်းပေးမယ်ဆိုပြီးတော့ လမ်းညွှန်လိုက်တယ်။ သူ့အလုပ်ရှင်နဲ့ ညှိနှိုင်းတဲ့အခါမှာ ခွင့်ရပြီးတော့ သူအလည်ပြန်မယ်ဆိုပြီး ဖြစ်သွားတာမျိုးတွေ ဘာတွေရှိပါတယ်။ ဒါကတော့ အဓိက သူတို့အလုပ်ရှင် အလုပ်သမား သဘောတူညီချက်နဲ့ ခွင့်ရက်ရတယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ ပြန်လို့ရပါတယ်။ ဟိုလိုမျိုးကြီး ပြန်လို့မရဘူး၊ အဝင်အထွက်မရဘူး ဆိုတာမျိုးတော့ မရှိပါဘူး။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီကိုရိုနာဗိုင်းရပ်စ် Covid- 19 ဟာ တောင်ကိုရီးယားကို အခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ တရုတ်အမျိုးသမီးတဦးကနေ စတင်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။

အစိုးရက စိုးရိမ်အဆင့်ကြေငြာထားပေမယ့် MERS ရောဂါတုန်းကလည်း အောင်အောင်မြင်မြင် ကုသနိုင်ခဲ့တဲ့ အတွေ့အကြုံရှိတာကြောင့် ဒီရောဂါအပေါ် စိုးရိမ်ပူပန်မှုသိပ်မရှိဘူးလို့ မြန်မာလုပ်သား ကိုဇော်မိုးအောင်က ပြောပါတယ်။

“ကျနော်နေတဲ့ ယုန်အင်မြို့မှာတော့ မြန်မာအလုပ်သမား နည်းနည်းပဲရှိတယ်။ သိပ်အများကြီးတော့ မရှိဘူးခင်ဗျ။ ကိုရီးယားအစိုးရ အနေနဲ့ပေါ့နော် လူဦးရေက ချက်ချင်းကူးစက်မှု များပြားလာတော့လေ။ သူတို့အနေနဲ့ စိုးရိမ်မှုအဆင့်ကို ကြေငြာတယ်ဆိုပေမယ့်လည်း သူတို့အရင်တုန်းက MERS ရောဂါနဲ့ ပတ်သက်တုန်းက သူတို့ အောင်မြင်စွာကုပေးနိုင်တဲ့ အတွေ့အကြုံရှိတဲ့အခါကျတော့လေ။ ကျနော်က ကိုရီးယားမှာ အနေကြာတာဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ တအားကြီးစိုးရိမ်မှုတော့ မရှိဘူးခင်ဗျ။ ကိုရီးယားအစိုးရဘက်က တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးနေတယ်ပေါ့နော်။”

တခြားမြန်မာလုပ်သားတွေ အနေနဲ့လည်း အစိုးရက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်ပြီး ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာဖို့အတွက် သူကတိုက်တွန်းထားပါတယ်။

“တရုတ်ပြီးသွားရင် ဒုတိယအများဆုံးဖြစ်တဲ့ ကိုရီးယားမှာ ကိုယ့်သားသမီးတွေ အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် စိုးရိမ်မှုတွေရှိတာကိုတော့ ကျတော်လက်ခံပါတယ်။ ကိုရီးယားမှာရှိနေတဲ့ မြန်မာတွေအားလုံးကပေါ့နော်။ ဒီကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကို မသင်္ကာမှု ရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံတွေ သွားကြဖို့၊ ပြီးတော့လည်း သတင်းအချက်အလက်တွေကို အမြဲတမ်းလေ့လာနေဖို့၊ ပြီးတော့ သတိပေးပြောထားတဲ့ အတိုင်းလည်း လိုက်နာဖို့ ကျနော်ပြောချင်ပါတယ်ခင်ဗျ။”

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၃၅နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၄ရက် ညနေခင်းစာရင်းအရ လူပေါင်း ၇၉,၀၀၀ ကျော် (၇၉၇၃၁) ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၉၁ ယောက်နဲ့ သေဆုံးသူ ၃ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂,၆၀၀ ကျော် (၂,၆၂၆) အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလုံးဝ မရှိသေးပေမဲ့ ရောဂါဖြစ်ပွားသူတွေကို ရုတ်တရက်တပြိုင်နက်တည်း တွေ့လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပေးနှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ပေးဖို့ကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG