သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်မြို့က နေရပ်ပြန်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေး ခက်ခဲ


တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ စစ်ဘေးရှောင် ဆီဆိုင်မြို့ခံတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓါတ်ပုံ_PNLA News & Info)
တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ စစ်ဘေးရှောင် ဆီဆိုင်မြို့ခံတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓါတ်ပုံ_PNLA News & Info)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေမရှိတော့လို့ နေရပ်ပြန်လာသူတွေရှိပေမဲ့ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ပွဲလက်ကျန် မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါနဲ့ အသက်ဆုံးရှုံးရတဲ့အန္တရာယ်တွေလည်း ရှိနေတဲ့အကြောင်း ဆီဆိုင်မြို့က နေရပ်ပြန်သူတွေရဲ့အခြေအနေ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဆီဆိုင်မြို့ကနေတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတချို့ သူတို့နေအိမ်တွေဆီပြန်လာခဲ့ကြပေမဲ့ တချို့တွေအတွက် နေစရာအိမ်မရှိတော့ပါဘူး။ အရင်လို အလုပ်လုပ်ကိုင်ပြီး ပုံမှန်လည်ပတ်နိုင်ဖို့က အချိန်ယူရဦးမှာဖြစ်ပြီး နေအိမ် ပြာကျသွားသူတွေအတွက်ကတော့ တော်တော်လေး ခက်ခဲနေတဲ့ အခြေအနေလို့ မြို့ခံတဦးက ပြောပါတယ်။

"မြို့ပေါ်ပြန်ပြီး ထူထောင်နိုင်ဖို့ဆိုတာ တော်တော်လေးခက်တယ်။ နဂိုကမှ တနေ့ရှာ တနေ့စားပြီး မိသားစုများတဲ့သူတွေ တော်တော်ဒုက္ခရောက်တယ်။ ကုန်စျေးနှုန်းတွေကလည်း အရမ်းကြီးတယ်လေ။ ပြန်ရောက်လာသူ အများစုတွေကတော့ ထိုင်စားနေကြရတာပေါ့။ မီးနဲ့ရေကတော့ အဆင်ပြေနေပါပြီ။ စာသင်ကျောင်းလည်း ဖွင့်နေပါတယ်။ ဆေးရုံကတော့ အရေးပေါ်လောက်ပဲ ကြည့်ပေးနိုင်သေးတယ်။ အတွင်းလူနာက မကြည့်ပေးနိုင်ဘူး။ အကုန်လုံး ပျက်စီးသွားတာဆိုတော့။ မြို့ပေါ်မှာ ပြန်လာနေတဲ့ လူဦးရေက မြင်တဲ့အတိုင်း ပြောရလို့ရှိရင် ၅ ပုံမှာ ၂ ပုံလောက်ပဲ ရှိဦးမယ်လို့ထင်တယ်။"

နေရပ်စွန့်ခွာခဲ့သူတွေဟာ ဧပြီလကုန်ပိုင်း လောက်ကစပြီး မြို့ထဲကို ပြန်ဝင်လာကြပေမဲ့ အိမ်ထောင်စုအကုန်လုံးတော့ ပြန်မလာ နိုင်ကြသေးပါဘူး။ စစ်လက်နက် အကြွင်းအကျန်တွေကြောင့်လည်း မကြာခဏဆိုသလို မိုင်းနင်းမိလို့ ကိုယ်လက် အင်္ဂါဆုံးရှုံးတာနဲ့ အသက်သေဆုံးရတာလို အခြေအနေတွေနဲ့လည်း ပြန်လာသူတချို့ ကြုံကြရတာရှိပါတယ်။

ဆီဆိုင်မြို့ပေါ်မှာ လတ်တလော သွားလာလို့ရပေမဲ့ ဆီဆိုင်အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းက တောတွေထဲတော့ သွားလာနိုင်ဖို့က အန္တရာယ်ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီဘက်မှာ နေထိုင်သူတွေဟာလည်း အခုချိန်ထိ စစ်ရှောင်နေရတုန်းပါ။ ပြန်ရောက်လာသူ အများစုကတော့ စိုက်ပျိုးရေးသမားတွေဖြစ်ပြီး မြို့ပေါ်က အိမ်ထောင်စုတွေကတော့ စားသောက်နေထိုင်ရေး အဆင်မပြေလို့တချို့က ပြန်မလာကြတာလည်း ရှိပါတယ်။

"ကလေးတွေ ကျောင်းတက်နိုင်ပြီဆိုတာက ပိုက်ဆံတတ်နိုင်တဲ့သူတွေကကျတော့ အဝေး မြို့ကြီးပြကြီး ကျောင်းကို ပို့တာရှိတယ်။ တချို့ကျတော့လည်း ပရဟိတကျောင်းကို ပို့လိုက်တာရှိတယ်။ စစ်မဖြစ်ခင် ဆီဆိုင်အခြေအနေကောင်းတဲ့အချိန်တုန်းက ဥပမာ စာသင်ကျောင်းတကျောင်းမှာ ကလေး ၁၀၀ ရှိရင်၊ အခုက ၅၅ ယောက်လောက်ပဲ တက်နိုင်တော့တယ်။ ကျန်တာကတော့ ပရဟိတ ရောက်သွားတာရှိတယ်။ တတ်နိုင်တဲ့မိဘက ကလေးကို မြို့ကျောင်းပို့လိုက်တာ ရှိတယ်ပေါ့နော်။"

မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့သုံးရေ အဆင်ပြေလာပြီး ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုပေမဲ့ အရင်လိုတော့ ကျောင်းတက်သူဦးရေမရှိဘဲ တဝက်လောက်ပဲ တက်နိုင်သေးတယ်လို့ ပြောပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မြို့ပေါ်က ရပ်ကွက်တချို့ကို ဆန်ထောက်ပံ့တာနဲ့ အိမ်လုံးကျွတ် ပြာကျသွားတဲ့ အိမ်ထောင်စုတချို့ကို ငွေကြေး ထောက်ပံ့တာတော့ ရှိခဲ့တယ်လို့ ပြောပါတယ်။

နေရပ်ပြန်လာတဲ့ ဆီဆိုင်စစ်ရှောင်တွေအတွက် နီပွန်ဖောင်ဒေးရှင်းက ဆန်အိတ် ၃,၀၀၀ ကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းက လှူဒါန်းခဲ့ပေမဲ့ အဲဒီဆန်အိတ်တွေကို တောင်ကြီးမြို့က စျေးကွက်ထဲမှာ ရောင်းချနေတာ တွေ့ရတယ်လို့ ဒေသတွင်း မီဒီယာတချို့မှာ ဖော်ပြကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ အနေနဲ့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒေသခံတွေကတော့ သူတို့ဆီကို ဆန်ထောက်ပံ့တာ တချို့ရကြပေမဲ့ ဂျပန်ကကူညီပေးထားတဲ့ ဆန်အထောက်အပံ့တော့ မရသေးဘူးလို့ ပြောပါတယ်။

"ဂျပန်ကနေ ဆန်ကူညီထားတယ်လို့ ကြားတယ်။ အဲဒီအထောက်အပံ့က ဒီကိုတော့ မရောက်လာဘူး။ ဒီကိုရောက်လာတဲ့ ဆန်က လူကယ်ပြန်ရဲ့ဆန်။ အဲဒီလူကယ်ပြန်က သူတို့အနေနဲ့ ဒီအတိုင်းဝင်လာတာ မဟုတ်ဘဲနဲ့ ဒေသဦးစီးနဲ့ ချိတ်ဆက်ပြီးတော့မှ ဝင်လာတာ။ ဂျပန်တွေ ထောက်ပံ့ထားတာက ဘယ်လိုတွေ သွားနေတယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ဆီဆိုင်ကိုတော့ ရောက်မလာသေးဘူး။"

စစ်ဘေးရှောင်နေရချိန်မှာ နေအိမ်ဖောက်ထွင်း ခံရတာတွေလည်း ရှိခဲ့ပါတယ်။ နေအိမ်လုံးဝ မရှိတော့သူတွေကတော့ တတ်နိုင်တဲ့အတိုင်းအတာနဲ့ ကိုယ်ထူကိုယ်ထ အိမ်ပြန်ဆောက်နေတာလည်း ရှိပါတယ်။ ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ထူထောင်နေချိန်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီကိုလည်း လိုအပ်နေကြပါတယ်။

"ပြန်လည်ထူထောင်ရေးမှာ NGO အဖွဲ့အသီးသီးက ဆီဆိုင်မြို့ရဲ့ အခက်အခဲအကြောင်းကို သိပါစေလို့ အများကြီး မျှော်လင့်ပါတယ်။ ဒါမှလည်း အဆင်ပြေမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အတွင်းပစ္စည်းရှိတဲ့ လူတွေအတွက်တော့ သိပ်မခက်ဘူးလေ။ ဒါက ဒါပဲရှိတဲ့ လူအတွက်ကတော့ အိမ်ကြီးလည်း ပါသွားတယ်ဆို သူတို့မှာ ဘာမှလုပ်လို့မရဘူး။ သူတို့တွေက အကောင်းဆုံး အကူအညီတခုခု ရဖူးချင်တာပေါ့။"

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေ ပိုများလာတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၈ ဒဿမ ၆ သန်းလောက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒေသတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အခြေခံ လိုအပ်ချက်တွေ အများအပြား ရှိနေပြီး သူတို့ကို ဒေသခံကူညီရေး အဖွဲ့တွေကပဲ အဓိက ကူညီပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG