သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့


စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ထမ်းယံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့။ (ဓါတ်ပုံ_PNLA News & Info)
စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ထမ်းယံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့။ (ဓါတ်ပုံ_PNLA News & Info)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေပြီး သောကြာနေ့က တိုက်ပွဲဖြစ်ပွားတာမရှိပဲ ထမ်းယံရွာ ဘုန်းကြီးကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ဟိုပုံးမြို့နယ် မဲနယ်တောင်ဘက်ကို တရက်ကို လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ကျော်လောက် ပစ်ခတ်နေသလို ဆီဆိုင်မြို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နေအိမ် အများအပြား ပျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က ပြောဆိုထားပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသက အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး စတဲ့ဒေသတွေမှာ ဇန်နဝါရီလ နောက်ဆုံးပတ်က စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေက ဒီနေ့အထိ လျော့ကျမသွားပဲ ပိုမို ပြင်းထန်လာနေပါတယ်။
ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ဒီနေ့ ဆီဆိုင၊် ဘန်းယဉ်ရဲ့ အရှေ့ဘက် ထမ်းယံ ဘုန်းကြီးကျောင်းမှာလေ။ လေယာဉ်နဲ့ လာကြဲသွားတယ်။ ဘုန်းကြီးကျောင်း ဆွမ်းစားကျောင်းရယ်၊ ကျောင်းကြီးရယ် ပျက်ဆီးသွားတယ်။ နေ့လည် ၁၂ နာရီ ၄၂ လားမသိဘူး။ အဲဒီမှာ တိုက်ပွဲလည်း မရှိဘူး။ ဘာမှ မရှိဘူး။ အထိအခိုက်တော့ ကိုရင်လေး ၂ ပါး ဒဏ်ရာရတယ်လို့မေးတော့ လူတွေက အကုန်လုံးကြောက်ပြီးတော့ ထွက်ပြေးတာ။ ဆီဆိုင်ဘက်မှာတော့လည်း တော်တော်များများ ပျက်ဆီးတယ်။ ၂ ရက်လောက်ရှိပြီ။ တိုက်ပွဲတော့ အကြီးအကျယ်တော့ မဖြစ်ဘူး။ ဆီဆိုင် မွေတော်ဘုရားကုန်းမှာတော့ အဲဒီမှာ တပ်တော့ အထိုင်တော့ ကျပြီလို့ ပြောတယ်။ အဲဒီက လှမ်းပစ်တော့ အိမ်တွေ အတော်များများ ပျက်ဆီးတယ်။ ဝါးတောရွာဘက်မှာလည်း အိမ်တွေ အတော်များများ မီးလောင်တယ်။ ပျက်ဆီးတဲ့အိမ်တွေ အများကြီးရှိတယ်။ မြို့ထဲမှာတော့ တောင်ဘက်မှာတော့ အိမ်တွေ အတော်များများ မီးလောင်ကုန်တယ်။ ”

စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ထမ်းယံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့။ (ဓါတ်ပုံ_PNLA)
စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ထမ်းယံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့။ (ဓါတ်ပုံ_PNLA)

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းယူခဲ့ပြီး စစ်ကောင်စီနဲ့ PNA ခေါ် ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေက ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိုင်းယံကတော့ ထမ်းယံဘုန်းကြီးကျောင်း တိုက်ခိုက်မှုမှာ ကိုရင် ၂ ပါး ထိခိုက်ကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့ နေ့လည် ၁နာရီခွဲအချိန်မှာ စစ်ကောင်စီက ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ၂ ကြိမ် လာရောက် တိုက်ခိုက်တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှု အတွင်းမှာတော့ ဘုန်းကြီးကျောင်း ၂ ကျောင်း ကျောင်းဆောင် ၂ ဆောင်ပေါ့ ပျက်စီးသွားပါတယ်။ ပြီးတော့ ကျောင်းဝင်းအတွင်း အနီးမှာရှိတဲ့ နေအိမ်တွေလည်း အဲဒီ ဗုံးပြင်းအားကြောင့်ပေါ့နော်။ ထိခိုက်တာ အချို့ ရှိပါတယ်။ ဒီ ဗုံးကျရောက်တဲ့ အချိန်မှာတော့ ကျောင်းဝင်းအတွင်းမှာ သီတင်းသုံးနေတဲ့ ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။ ”

တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေကြ။
တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေကြ။

ပအိုဝ်းဒေသအတွင်း စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာရှိကြောင်း ပြောဆိုပြီး လတ်တလော ဆီဆိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ခွန်ရိုင်းယံက အခုလို ဆက်ပြောပါတယ်။

“ ဆီဆိုင်မြို့ကိုလည်း သူတို့က စစ်ကြောင်း ထိုးလာတာပေါ့လေ။ တင့်ကား ၃ စီး ပါတယ်ပေါ့နော်။ သူတို့ စစ်ကြောင်းထဲမှာ။ အဲဒါကြောင့် ဆီဆိုင်မြို့ အဝင်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာ ရှိပါတယ်။ ပြီးတော့ ဆီဆိုင်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ စေတီကုန်းမှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေ ထားပြီးတော့ လက်နက်ကြီးနဲ့ မြို့ကို ပစ်နေတာပေါ့လေ။ အဲဒါကြောင့် ဆီဆိုင်မြို့မဈေးက အကုန်လုံး ပျက်စီးသွားတယ်။ ပြည်သူတွေရဲ့နေအိမ်လည်း ပိုပိုပြီးတော့ ပျက်ဆီးလာတာပေါ့။ စစ်ရေးတော့ အဲလိုမျိုးအခြေအနေ ရှိနေပါတယ်။ ပြီးတော့ ဟိုပုံးမြို့နယ် မဲနယ်တောင်ဘက်ကိုတော့လည်း စစ်ကောင်စီက နေ့တိုင်းပါပဲ တရက်ကို လက်နက်ကြီးနဲ့ ပျှမ်းမျှ အချက် ၁၀၀ လောက် ပစ်နေတာ ရှိနေပါတယ်။ ”

PNLA အဖွ့ဲရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလ ၁၃ ရက်နေ့က ဟိုပုံးမြို့နယ် မဲနယ်တောင်က အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ နမ့်ဟူးရွာကို မီးရှို့ခဲ့ကြောင်း ၊ ရွာလုံးကျွတ်နီးပါး ပျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

PNLA အဖွဲ့ဟာ NCA ခေါ် တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ PNLA က လက်နက် သယ်ဆောင်လာတဲ့ယာဉ်ကို ဖမ်းဆီးရာက စတင်ပြီး စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာတာပါ။ ဒီလို စစ်ရေးပဋိပက္ခတွေ စတင်ဖြစ်ပွားတဲ့နောက် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် ဒေသခံပြည်သူ တသိန်းနီးပါးကတော့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG