သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Graphene နဲ့ အနာဂါတ်လူမှုဘဝ အပြောင်းအလဲ


Nobel in Physics Awarded for Super-Strength Material
Nobel in Physics Awarded for Super-Strength Material
ဂရက်ဖင်း graphene ဟာ ခဲတံထဲမှာတွေ့ရတဲ့ ဂရက်ဖိုက် လို့ခေါ်တဲ့ ခဲသားအလွှာလေး တလွှာပါ။ သူဟာ စကြဝဋ္ဌာတခုလုံးမှာ အပါးဆုံးပစ္စည်းတခု ဖြစ်ပါတယ်။ သူ့ အထူဟာ စာရွက်တရွက်ရဲ့ တသန်းပုံ တပုံပဲ ထူပါတယ်။ ကာဗွန်အက်တမ်တလုံးရဲ့ အထူပဲ ထူပါတယ်။ ဂရ၈်ဖင်းလို့ ခေါ်တဲ့ ကာဗွန်လွှာကလေးတွေကို ကုဋေနဲ့ ချီပြီး ထပ်လိုက်မယ် ဆိုရင် ဂရက်ဖိုက်ကို ရပါတယ်။ စာရွက်တွေကို တရွက်ချင်း ထပ်လိုက်ရင် စာအုပ်တအုပ် ရတဲ့ သဘောဖြစ်ပါတယ်။

ကာဗွန်တွေကို ပျားအိမ်ပုံ ဆဌဂံရဲ့ ထောင့်တွေမှာ ချထားလိုက်ရင် ဂရက်ဖင်းလို့ခေါ်တဲ့ ဒီကာဗွန်လွှာလေးကို ရမှာဖြစ်ပါတယ်။ ဒီဂရက်ဖင်းလို့ခေါ်တဲ့ ကာဗွန်ဟာ သက်ရှိတွေအတွက် တင်အရေးပါတာမဟုတ်ပဲ နောက်ဆုံးပေါ် လူသုံးပစ္စည်းတွေ ဖြစ်တဲ့ iPhone တို့ လျှပ်စစ်ပစ္စည်း၊ ဆေးနဲ့ ပါတ်သက်တဲ့ သိပ္ပံပစ္စည်းတွေ အားလုံးလိုလိုရဲ့ အပြောင်းအလဲတွေကို ဖြစ်လာစေနိုင်တာပါ။

အင်္ဂလန်က ပါမောက္ခ အန်ဒရေ ဂရိုင်းနဲ့ ပါမောက္ခ ကွန်စတန်တင် နိုဗာစလောဗ် တို့ ၂ ဦးဟာ ခဲတံက ခဲသားကို Tape နဲ့ ကပ်ပြီး ခွါကြည့်ရာကနေ ဒီ ကမ္ဘာ့ အပါးဆုံး ဂရက်ဖင်းလွှာကို ရခဲ့ပါတယ်။ သိပ္ပံပညာမှာသာမက လူသားတွေရဲ့ လူနေမှုအဆင့်အတန်းကအစ ပါတ်ဝန်းကျင်ကို ပြောင်းလဲသွားစေနိုင်တဲ့ ဒီဂရက်ဖင်းကို ရှာဖွေတွေ့ရှိ ခဲ့တာမို့ သူတို့ကို ၂၀၁၀ အတွက် ရူပဗေဒ နိုဘယ်လ်ဆုချီးမြှင့်ခဲ့ပါတယ်။

ဂရက်ဖင်းကို လျှပ်စစ် ပစ္စည်းတွေမှာ သုံးမယ် ဆိုရင် အခုထက် အဆ ၂၀၀ ကျော်ပို မြန်မြန်လျှပ်ကူးနိုင်တဲ့ အတွက် ဥပမာ အိုင်ဖုံးတို့ ကွန်ပြူတာတို့မှာ သုံးရင် အရမ်းမြန်တဲ့ အိုင်ဖုံးတွေ ကွန်ပြူတာတွေကို ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သိပ်ပါးတဲ့ အတွက် အဆပေါင်းများလည်း ပိုပြီးသေးငယ်သွားနိုင်သလို တလွှာထဲဆို တဘက်ကို ဖေါက်မြင်နိုင်တဲ့ အတွက် ဒီပစ္စည်းတွေရဲ့ အပေါ်မှာ အဖုံးအကာ သဘောမျိုးလည်း သုံးနိုင်ပါတယ်။ ဒါ့ကြောင့် နောင်ဆို ခိုင်မာပေါ့ပါးတဲ့ TV ကို တောင် စာရွက် တရွက်လို ခေါက်ပြီး သယ်သွားနိုင်မှာ ဖြစ်သလို ကြည့်ချင်တဲ့ နေရာမှာ ဖြန့်ကြည့်ဖို့ပါ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလိုထူးခြားတဲ့ဂုဏ်သတ္တိရှိတဲ့ ဂရက်ဖင်းဟာ စိန်ထက် အဆပေါင်း မြောက်များစွာလည်း ခိုင်မာပါတယ်။ ဒီလိုခိုင်မာပြီး မျက်စိနဲ့ မမြင်နိုင်အောင်ပါးလွှာတဲ့ ဂရက်ဖင်း အလွှာတွေကို ထပ်ပြီး အာကာသယာဉ်တွေ တည်ဆောက်မယ် ဆိုရင် အခိုင်မာဆုံး ယာဉ်ကို ရမှာပါ။

အမေရိကန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ရဲ့ Argonne သိပ္ပံဓါတ်ခွဲခန်းက ဦးဆောင်သိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာစောဝေလှဟာ အခုအခါမှာ ဂရက်ဖင်းကို သုံးပြီး လျှပ်စစ် ပစ္စည်းတွေ အတွက် circuit connection ကို စမ်းသပ်နေတဲ့ အပြင် ဂရက်ဖင်းနဲ့ solar cell လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအားသုံး ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ လေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။
XS
SM
MD
LG