မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ဒုက္ခသည်တွေတိုးလာနေပြီး ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ သန်း ကျော်အတွက် အကူအညီတွေပေးဖို့ စီစဉ်ထားပေမယ့် ရန်ပုံငွေလိုအပ်ချက်တွေရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်း ပွဲမှာပြောဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အရပ်သားအမြောက်အများ အိုးအိမ်စွန့်ခွါထွက်ပြေးကြရပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၅ ရက်နေ့တရက်တည်းမှာတင် ခန့်မှန်းခြေ လူ ၂ သောင်းလောက် အိုးအိမ်စွန့်ခွါထွက်ပြေးရပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ဇွန်လကုန်ပိုင်းမှာတင် လူ ၃ သောင်း ၃ ထောင်လောက် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပါတယ်" လို့ ပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါတယ်။
ရေဘေးဒဏ်ကိုလည်း လူပေါင်း ၄ သိန်းနီးပါးလောက်ခံစားခဲ့ရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီနှစ်ပထမပိုင်းအတွင်း လူပေါင်း ၂.၁ သန်းလောက်ကို ကုလသမဂ္ဂနဲ့မဟာမိတ်အဖွဲ့တွေက အကူအညီတွေပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း လူပေါင်း ၅.၃ သန်းကို အကူအညီတွေပေးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီအစီအစဉ်အတွက် ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၉၉၃ သန်းလောက်လိုအပ်ပေမယ့် လိုအပ်ချက်ရဲ့ ၂၃ ရာနှုန်း ၂၂၅ သန်းကိုသာ လက်ခံရရှိထားတယ်လို့လည်းအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါတယ်။
Forum