သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း စစ်သုံးစရိတ်တွေ စံချိန်တင်မြင့်တက်


စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (International Peace Research Institute/ (SIPRI) က ထုတ်ပြန်တဲ့အစီရင်ခံစာအရ ကမ္ဘာတဝန်းစစ်ရေးအသုံးစရိတ်ပုံပြ ဇယား။
စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (International Peace Research Institute/ (SIPRI) က ထုတ်ပြန်တဲ့အစီရင်ခံစာအရ ကမ္ဘာတဝန်းစစ်ရေးအသုံးစရိတ်ပုံပြ ဇယား။

ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၈ နှစ်ဆက်တိုက် တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ စံချိန်တင်အမြင့်ဆုံးဒေါ်လာ ၂.၂၄ ထရီလီယံအထိ ရှိလာတယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ ဆွီဒင်နိုင်ငံအခြေစိက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျုအဖွဲ့ရဲ့ တနင်္လာနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်အသုံးစရိတ်တွေမြင့်တက်လာတာက ပိုပြီးမလုံခြုံတဲ့ကမ္ဘာမှာ နေထိုင်နေရတယ်ဆိုတဲ့ လက္ခဏာတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက စစ်ရေးအသုံးစရိတ် အများဆုံးသုံးခဲ့ပြီး ဒီ ၃ နိုင်ငံအသုံးစရိတ်က ကမ္ဘာ့အသုံးစရိတ်ရဲ့ ၅၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

တကမ္ဘာ့လုံးအတိုင်းအတာနဲ့ ၃.၇ % တိုးလာခဲ့ပြီး စစ်ဖြစ်နေကြတဲ့ ရုရှားနဲ့ယူကရိန်း နိုင်ငံတွေရဲ့စစ်အသုံးစရိတ်တွေကြောင့် ဥရောပမှာ ၁၃ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး တနှစ်ချင်းတိုးနှုန်းမှာ နှစ် ၃၀ အတွင်း အမြင့်မားဆုံး တိုးလာတာပါ။

ယူကရိန်းအပေါ် စစ်ရေးအရအကူအညီပေးတာနဲ့ ရုရှားရဲ့ခြိမ်းခြောက်မှုမြင့်တက်လာတဲ့အပေါ်စိုးရိမ်မှုတွေက တခြားနိုင်ငံတွေရဲ့အသုံးစရိတ်ဆုံးဖြတ်ချက်တွေမှာ ပြင်းပြင်ထန်ထန်ပဲလွှမ်းမိုးခဲ့ပါတယ်။ ရုရှားနိုင်ငံနားမှာရှိကြတဲ့ ဖင်လန်၊ လစ်သူယေးနီးယား၊ ဆွီဒင်နဲ့ ပိုလန်နိုင်ငံတွေမှာလည်း ကာကွယ်ရေးအသုံးစရိတ်တွေ ပိုပြီး သိသိသာသာ တိုးသုံးလာတာကိုတွေ့ရပါတယ်။ အရင် အရှေ့အုပ်စုနိုင်ငံအများအပြားမှာဆိုရင်လည်း စစ်ရေးအသုံးစရိတ်ဟာ ခရိုင်းမီးယားကို ရုရှားက သိမ်းယူခဲ့တဲ့ ၂၀၁၄ ခုနှစ်ကထက် နှစ်ဆကျော် တိုးလာခဲ့ပါတယ်။

ရုရှားကလည်း စစ်ရေးအသုံးစရိတ်တိုးမြှင့်နေပြီး ၂၀၂၂ ခုနှစ်မှာ ခန့်မှန်းခြေ ၉.၂% တိုးလာခဲ့ကာ အမေရိကန် ဒေါ်လာ ၈၆.၄ ဝန်းကျင်အထိ သုံးစွဲခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ရဲ့ ၄.၁% ကို သုံးစွဲခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်တုန်းက ဆိုရင် GDP ရဲ့ ၃.၇ % ပဲ သုံးစွဲခဲ့တာပါ။

ဒီမှတ်တမ်းတွေ ပြုစုထုတ်ပြန်တဲ့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျုအဖွဲ့ဟာ ၁၉၆၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပဋိပက္ခတွေ၊ လက်နက်၊ လက်နက်ထိန်းချုပ်ရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ သုတေသနတွေ ပြုလုပ်နေတဲ့နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG