ဂါဇာကမ်းမြောင် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို အစ္စရေးက လေကြောင်းက တိုက်ခိုက်လို့ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့အကြောင်း ပါလက်စတိုင်း အစိုးရ အရာရှိတွေနဲ့ ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။ တိုက်ခိုက်မှုအတွင်း ဂါဇာမြောက်ပိုင်းက Jabaliya အရပ်မှာ အိမ်တလုံးကို ထိမှန်ခဲ့ပြီး ဂါဇာကမ်းမြောင် အလယ်ပိုင်းမှာရှိတဲ့ Bureij ဒုက္ခသည် စခန်းလည်း ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေး စစ်တပ်က တစုံတရာ ထုတ်ပြန် ပြောဆိုတာ မရှိသေးပေမဲ့လို့၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ အဲ့ဒီဒေသကနေ စစ်သွေးကြွတွေက ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပြီး Bureij အရပ်ကနေ ထွက်ခွာဖို့ လူတွေကို သတိပေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်က အဲ့ဒီလို ဝင်ရောက်နိုင်အောင် ဦးဆောင် ကူညီပေးခဲ့တဲ့ ဟာမတ်စ် စစ်သွေးကြွ Abd al-Hadi Sabah ကို ချေမှုန်းနိုင်ခ့တယ်လို့တော့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဟာမတ်စ်တွေ အနေနဲ့ ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေ မရပ်ဘူးဆိုရင် ဂါဇာကို လေကြောင်းက တိုက်ခိုက်နေတာတွေ ခုထပ်ပိုပြီး အရှိန်မြှင့်မယ်လို့လည်း အစ္စရေး စစ်တပ်က ဗုဒ္ဓဟူးနေ့က ထပ်မံ သတိပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင် ဒေသတလျှောက် စစ်ပွဲတွေကတော့ နေရာအနှံ့ ပြန့်နှံ့နေပြီး ဒေသလူဦးရေ ၂.၃ သန်းထဲမှာ ၉၀ % လောက်က အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
Forum