ဂါဇာဒေသမှာ အမြန်ဆုံး အပစ်အခတ်ရပ်နိုင်မယ့် ဆုံးဖြတ်ချက်မူကြမ်းတရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ဆုံးဖြတ်ချက်ချနိုင်ရေး မကြာသေးခင် သီတင်းပတ်တွေက လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပေမဲ့ အမေရိကန်က ကန့်ကွက်ခဲ့ပြီးနောက် အထွေထွေညီလာခံမှာ ဆွေးနွေးကြမှာပါ။ အထွေထွေညီလာခံကနေ ဂါဇာမှာအပစ်ရပ်ဖို့ ဆုံးဖြတ်ချက်ကိုအရင်ကလည်း ချမှတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လို မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။
အထွေထွေညီလာခံက ပြင်ဆင်နေတဲ့ မူကြမ်းထဲမှာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအရပ်သားတွေကို အသက်ရှင်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေ ချက်ခြင်းရယူခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ အတားအဆီးမရှိပေးပို့ခွင့်ပြုဖို့တွေပါဝင်ပါတယ်။
ဂါဇာမြောက်ပိုင်းကို အကူအညီတွေပေးဖို့ကို တားဆီးခံထားရတာ ၂ လလောက်ရှိနေပြီဖြစ်ပြီး၊ ပါလက်စတိုင်း ၇၀,၀၀၀ လောက်ဟာ အစာရေစာနဲ့ ဆေးဝါးတွေပြတ်လပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံး UNOCHA က အင်္ဂါနေ့တုန်းကပြောခဲ့ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ အစ္စရေးက ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံးလူ ၂၆ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိ သူတွေကပြောထားပါတယ်။ အစ္စရေးရဲ့ထိုးစစ်အတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်ဟာ ၄၄,၇၀၀ ကျော်သွားပြီလို့လည်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
Forum