သုံးရလွယ်ကူစေသည့် Link များ

တာချီလိတ်မှာ COVID-19 တကျော့ပြန်ကူးစက်မှုအကြောင်းရင်း ဆန်းစစ်ဆဲ


ရန်ကုန်မြို့ Quarantine စင်တာတခုမှာ တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ Quarantine စင်တာတခုမှာ တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

တာချီလိတ်က ကိုဗစ်ရောဂါပိုး ကင်းစင်သွားလို့ ဆေးရုံဆင်းခဲ့သူ နောက်တကြိမ် ဒီရောဂါပိုးပြန်တွေ့တာဟာ ဘာကြောင့်လဲဆိုတာ အတိအကျမ သိနိုင်သေးပေမဲ့ တခြားပိုးစတွေ့သူတွေလို သီးခြားထားစောင့်ကြည့်ကုသမှု အဆင့်ဆင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူနဲ့အနီးကပ်ထိတွေ့ခဲ့သူတွေကိုလည်း ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အတည်ပြုလူနာ နံပါတ် ၉၆ ဟာ ရောဂါပိုးကင်းစင်သွားလို့ ဆေးရုံဆင်းပြီး ရက် ၄၀ အကြာမှာ ဒီရောဂါပိုးပြန်တွေ့ခဲ့တာပါ။ ပထမတကြိမ်တုန်းက အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ ဒီရောဂါပိုးကူးစက်ခံခဲ့တာဖြစ်ပေမဲ့ အခုတခါမှာတော့ ရောဂါလက္ခဏာမပြဘဲ ဓာတ်ခွဲစစ်ဆေးလိုက်မှ ပိုးထပ်တွေ့ခဲ့တာလို့ သိရပါတယ်။

သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၃ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားပြီး၊ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နဲ့ သွေးရည်ကြည်နမူနာတို့ကို ရယူပြီး ဓာတ်ခွဲစမ်းသပ်ဖို့ ဒီကနေ့ပဲ ပေးပို့လိုက်ပြီလို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။

“ပိုးပြန်တွေ့တယ်ဆိုတာကတော့ နှစ်ပိုင်းရှိတာပေါ့နော်။ တခုကတော့ ပိုးအကြွင်းအကျန်ပေါ့။ မျိုးရိုးဗီဇအစိတ်အပိုင်း အကြွင်းအကျန် ကျန်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ တခြားလူကို ကူးစက်နိုင်မှု ရာခိုင်နှုန်းက အင်မတန်နည်းပါတယ်။ နောက်တပိုင်းကကျတော့ ပိုးနောက်တခေါက်များ ပြန်ကူးစက်ခံရတာလားပေါ့။ ပြန်စဉ်းစားဖို့ရှိပါတယ်။ ဒီနှစ်ခုကိုတော့ ကျနော်တို့ လက်ရှိအခြေအနေမှာတော့ မခွဲခြားနိုင်သေးပါဘူး။”

အခုရှိနေတဲ့ပိုးဟာ ရှိနေပြီးသားအဟောင်း၊ ဒါမှမဟုတ် ပိုးအသစ်ဖြစ်နေမလားဆိုတာကို အခုအခြေအနေမှာ မပြောနိုင်သေးပေမဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို အစအဆုံးပြန်လုပ်နေတယ်လို့ ဒေါက်တာဘစိုးသက်က ဆက်ပြောပါတယ်။

“စိုးရိမ်တဲ့နေရာမှာလည်း ဒီလူနာ တဦးတယောက်တည်းကြောင့် စိုးရိမ်ရတာ မဟုတ်ဘဲနဲ့ တခြားပြည်သူလူထုတွေကလည်း ဒီရောဂါလက္ခဏာ မရှိပေမဲ့ ကူးစက်နိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အကုန်လုံး သတိထားရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် ဆောင်ရွက်ရမယ့်အချက်တွေကို အတိအကျလိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ကာကွယ်နိုင်ပါတယ်။”

ပိုးပြန်တွေ့ထားတဲ့ လူနာနံပါတ် ၉၆ ကို ကိုဗစ်အတည်ပြုလူနာသစ် စာရင်းထဲ ထည့်မထားပေမဲ့လည်း သီးခြားထားပြီး လုပ်ငန်းစဉ်အားလုံးကို အဆင့်ဆင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ပြီးချိန်အထိဆို ကိုဗစ်အတည်ပြုလူနာ ၃၀၄ ဦးရှိထားပြီး၊ အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၂၂၃ ဦးအထိ ရှိထားပြီးဖြစ်ပါတယ်။ ထပ်တိုးလူနာသစ် နည်းလာပြီး၊ ပျောက်ကင်းသွားသူ တိုးလာတယ်ဆိုပေမယ့်လည်း ဒီရောဂါကူးစက်မှုကို ဆက်ပြီးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်တွေကို လိုက်နာပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းနေတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG