(Zawgyi / Unicode)
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ဖက်ခြမ်းက Herat မြို့မှာ တနင်္ဂနွေနေ့တုန်းက အမျိုးသမီးတွေ ချီတက်ဆန္ဒပြတာကို တာလီဘန်တွေက သေနတ်တွေ ပစ်ဖေါက် လူစုခွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ကာဘူလ်း မြို့တော်မှာ ကျောင်းသူမိန်းကလေး စာသင်ခန်းကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ အခုလို ဆန္ဒပြကြာတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူ အမျိုးသမီးတွေကို ရိုက်နှက်ခဲ့တယ်လို့ ဆန္ဒပြသူ တွေက ပြောဆိုပါတယ်။
ကာဘူလ်း မြို့တော်က မိန်းကလေးနဲ့ ယောက်ျားလေး အတန်းတွေခွဲထားတဲ့ ရှီယာ အများစုရှိရာအရပ်က စာသင်ကျောင်းမှာ မိန်းကလေး အတန်းတွေရှိတဲ့ ဘက်ကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ၃၅ ဦးသေဆုံးပြီး ၈၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူအများစုဟာ မိန်းကလေးတွေ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ကန့်ကွက်တဲ့ အနေနဲ့ တနင်္ဂနွေနေ့က Herat မြို့မှာ ကျောင်းသူ အမျိုးသမီး ၁၀၀ လောက်က ဆန္ဒပြခဲ့ တာဖြစ်ပါတယ်။ သူတို့ဟာ Herat တက္ကသိုလ်ကနေ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကို ချီတက်ဆန္ဒပြကြတာလို့ ပြောဆိုခဲ့ ပါတယ်။
ပညာရေးဟာ ငါတို့အခွင့်အရေး၊ လူမျိုးတုန်းအောင် လုပ်ဆောင်မှု Genocide ဟာ ရာဇဝတ်မှု ဖြစ်တယ်လို့ ကြွေးကြော်ကြပါတယ်။ လက်နက်ကိုင် တာလီဘန်လုံခြုံရေးတွေ တားမြစ်မှုကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး အထိတော့ မရောက်ခဲ့ကြပါဘူး။
အခြား တက္ကသိုလ် ကျောင်းသူတဖွဲ့ကလည်း ကန့်ကွက်ဆန္ဒပြခဲ့ပေမဲ့ တာလီဘန်တွေက တက္ကသိုလ်ဝင်း တံခါးပေါက် တွေကို ပိတ်ထားတဲ့အတွက် လမ်းတွေပေါ်တက် ဆန္ဒပြခွင့်မရခဲ့ကြပါဘူး။
(Unicode)