သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

First Global စက်ရုပ်ပြိုင်ပွဲဝင် အသင်း ၁၆၀ ကျော်အနက် မြန်မာအသင်း အဆင့် ၆


2017 First Global Challenges
2017 First Global Challenges

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ၂ ရက်ကျင်းပခဲ့တဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ် အသင်းက နံပတ် ၆ နေရာ ရရှိခဲ့ပါတယ်။နိုင်ငံစုံက စက်ရုပ် အသင်းပေါင်း ၁၆၀ ကျော် ပြိုင်ဆိုင်ကြတဲ့ပွဲမှာ မြန်မာ စက်ရုပ်အသင်းက အမှတ်အများဆုံးဆု မရရှိခဲ့ပေမဲ့ ယုံကြည်မှုတွေ ပိုပြီး ရရှိလာတယ်လို့ ပြိုင်ပွဲဝင် လူငယ်တွေက ပြောပါတယ်။ ခုလို နိုင်ငံတကာ ပြိုင်ပွဲကနေ နောင်ပြိုင်ပွဲတွေမှာ ကိုယ့်ရဲ့အရည်အချင်းကို ပြသနိုင်ဖို့ ဘယ်လို အတေ့ွအကြုံတွေ ရခဲ့သလဲ ဆိုတာကို ဆက်သွယ် မေးမြန်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ July လ ၁၇ ရက်နဲ့ ၁၈ ရက် ၂ ရက်ကျင်းပခဲ့တဲ့ First Global နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲ ဝင်ပြိုင်တဲ့ အသင်းပေါင်း ၁၆၃ သင်းမှာ မြန်မာလူငယ်အသင်းက နံပါတ် ၆ နေရာ ရခဲ့ပါတယ်။

၃ နိုင်ငံ ၁ ဖွဲ့ခွဲပြီး ပြိုင်ဘက် စက်ရုပ်တွေက ရေသန့်နဲ့ ညစ်ညမ်းရေ အဖြစ် သတ်မှတ်ထားတဲ့ ဘောလုံးလေးတွေကို ကောက်ပြီး သတ်မှတ်နေရာ ရောက်အောင် ပို့ပေးကြရတဲ့ ပြိုင်ပွဲတွေမှာ မြန်မာအသင်းက စုစုပေါင်း ပြိုင်ဆိုင်တဲ့ ၆ ပွဲမှာ ၅ ပွဲအနိုင်ရရှိခဲ့ပါတယ်။ စုစုပေါင်းအမှတ် ၅၈၄ မှတ်အပြင် ၅ ပွဲနိုင်တဲ့အတွက် ပွဲအမှတ် ၁၀ မှတ် ရရှိခဲ့တာပါ။ ကမ္ဘာ့နိုင်ငံစုံက အသင်းပေါင်း ၁၆၃ သင်းဝင်ပြိုင်တဲ့ပွဲမှာ ဥရောပတိုက်ကို ကိုယ်စားပြုတဲ့ Team Europe အသင်းက စုစုပေါင်းအမှတ် ၇၁၆ မှတ်နဲ့ နံပါတ် ၁ ပထမဆုကို ရရှိသွားပါတယ်။ မြန်မာ လူငယ်စက်ရုပ် အသင်းအနေနဲ့ အမှတ်အများဆုံးဆု မရခဲ့ပေမဲ့ ထူးခြားတဲ့ အတေ့ွအကြုံတွေ ရခဲ့ပါတယ်လို့ First Global Team Myanmar ရဲ့ပြောခွင့်ရသူကို ကျော်ဇဇော်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ ကျနော်တို့ မဟာမိတ် စက်ရုပ်အချင်းချင်း သေချာမမြင်ဖူးဘဲနဲ့ ပွဲမစခင် မတိုင်ခင် မိနစ် ၂၀ လောက်အတွင်းမှာမှ ကျနော်တို့ ဗျူဟာတွေချတယ်။ ကိုယ့်စက်ရုပ်က ဘာတွေ လုပ်ဆောင်နိုင်တယ်၊ ဘယ်စက်ရုပ်ကတော့ ဘယ်ဟာမှာ ကျွမ်းကျင်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးပြီးတော့ အချင်းချင်း စက်ရုပ် တွေက ဘယ်လို လုပ်ဆောင်မယ် ဆိုတာကို အိုင်ဒီယာကို ကျနော်တို့ မိနစ်ပိုင်း အတွင်းမှာပဲ အဲဒီ ဗျူဟာတွေ အကုန်လုံး ဆွေးနွေးနိုင်တဲ့ဟာကို ကျနော်ကတော့ ထူးခြားတယ်လို့ ထင်ပါတယ်။ ”

ကြိုတင်ပြင်ဆင်မှု အပြင် အတူတွဲပြိုင်ရတဲ့ တခြားနိုင်ငံ အသင်းတွေနဲ့ ညှိနှိုင်း နိုင်တာကြောင့် အိမ်ရှင် အမေရိကန် အသင်းကိုတောင် အနိုင်ရအောင် ပြိုင်ဆိုင်နိုင်တာဖြစ်တယ်လို့ဆိုပါတယ်။

“ ကျနော်တို့ မဟာမိတ် တချို့စက်ရုပ်တွေက Function တွေ အစုံမပါတာ ရှိပါတယ် ခင်ဗျ။ အဲဒီ Function အစုံမပါတာကို ဘယ်လိုဖြည့်စွက်မလဲ၊ ဘယ်လို ကိုယ်က အားသာချက် ယူမလဲ ဆိုတာကို ကြိုတင်ဆွေးနွေးထားတဲ့ အတွက် ကျနော်တို့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ USA လို နိုင်ငံလိုမျိုး နည်းပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမျိုးကို အနိုင်ရရှိတာပါ ခင်ဗျ။ ”

ပြိုင်ပွဲဝင် စက်ရုပ်တွေ လှုပ်ရှားလည်ပတ်နိုင်ဖို့ Software Program ရေးပေးသူ ၃ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ မယုဇနဝင်း ကလည်း စိတ်ဝင်စားမှုချင်း တူတဲ့ တခြားနိုင်ငံက လူငယ်တွေနဲ့ အသိပညာတွေ ဖလှယ်နိုင်ခွင့်ရတာက အတေ့ွအကြုံကောင်း တခု ဖြစ်တယ်လို့ ပြောပါတယ်။

“ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ လာပြိုင်ရတာ ဆိုတော့လည်း ဂုဏ်လည်းယူတယ်။ ဒီမှာဆိုလည်း တခြားနိုင်ငံက ကိုယ်နဲ့ Field တူတဲ့ သူငယ်ချင်းတွေ အများကြီးနဲ့ အဲလိုတွေ့ရတယ်။နောက်ပြီးတော့ သူတို့နဲ့ ခင်မင်ခွင့်ရတယ်။ သူတို့နဲ့ အသိပညာတွေ ယဉ်ကျေးမှုတွေ ဖလှယ်ခွင့်ရတယ်။ ဆိုတော့ ညီမ အရမ်းကို ဝမ်းသာပါတယ် ပေါ့နော်။ ”

မြန်မာနိုင်ငံကနေ စက်ရုပ်ပြိုင်ပွဲကို ပထမဆုံး ဝင်ပြိုင်တာ ဖြစ်ပေမဲ့ နိုင်ငံစုံက လူငယ်တွေနဲ့ တေ့ွဆုံပြိုင်ဆိုင်ရတဲ့ ပြိုင်ပွဲမှာ ကိုယ့်ရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့ပြီး ယုံကြည်မှုတွေ ပိုရှိလာတယ်လို့လည်း မယုဇနဝင်းက ပြောပါတယ်။

“ ဒီမှာ ဒီလိုပြိုင်ပွဲ ပြိုင်တဲ့အခါကြတော့ အော် ညီမတို့ မြန်မာနိုင်ငံကလည်း တခြား လူတွေနဲ့ အဲဒီလို ယှဉ်နိုင်ပါလားဆိုပြီး သိလား တကယ်ယုံကြည်မှုတော့ တကယ်ရှိလာတယ်။ ပြိုင်ကြည့်လိုက်တဲ့ အခါကြတော့လည်း တခြားလူတွေနဲ့ အဲဒီလိုမျိုး ကောင်းကောင်း ဆက်သွယ်နိုင်တယ်။ ကောင်းကောင်း ပြောဆိုဆက်ဆံနိုင်တယ်။ တခြားလူတွေနဲ့ Level တူတူ ရင်ဘောင်တန်းပြီး တော့လည်း ယှဉ်ပြိုင်နိုင်တယ်။ အဲခါကြတော့ ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ အဓိက အရင်ဦးဆုံးပေါ့ ယုံကြည်မှုရှိလာတယ်။ ငါလည်းပဲ လုပ်နိုင်တယ် ဆိုတဲ့ စိတ်မျိုးပေါ့။ ကြောက်ရွံ့နေတာ မျိုးတွေ ဘာမျိုးတွေ မရှိတော့ဘူး။ စစခြင်း ပထမဆုံး ရောက်ခါစက နည်းနည်း ကြောက်သေးတယ်။ ဘယ်လိုများ နေမလဲ ပေါ့နော်။ ကိုယ်သူများကြားမှာ သိမ်များ သိမ်ငယ်နေမလား ပေါ့နော်။ ဒါပေမဲ့ မဟုတ်ပါဘူး။ ဒီရောက်တော့ တန်းတူပါပဲ။ သူများတွေနဲ့ အတူတူ ယှဉ်ပြိုင်နိုင်တယ် ဆိုပြီးတော့ အရင်ဦးဆုံး ယုံကြည်မှုတွေ ဘာတွေရတယ်။ နောက်ပြီးတော့ ဒီကလည်း Knowledge တွေဘာတွေ ထပ်ရတဲ့ အတွက် နောက်ထပ်ပွဲတွေ ရှိလည်း ပြိုင်လည်း ပြိုင်ချင်ပါသေးတယ်။ ”

သိပ္ပံ၊ နည်းပညာ၊ သချာၤနဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို ကမ္ဘာတဝန်းက လူငယ်တွေပိုပြီး စိတ်ဝင်စားလာအောင် First Global ပရဟိတအဖွဲ့က နှစ်စဉ် စက်ရုပ်ပြိုင်ပ ွဲကျင်းပပေးတာ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲကတော့ ကမ္ဘာတဝန်းမှာ သောက်သုံးရေသန့် မရရှိသူ သန်းထောင်နဲ့ချီ ရှိနေတဲ့ ပြဿနာကို စက်ရုပ်ပြိုင်ပွဲတွေနဲ့ မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ Team Hope လို့နာမည်ပေးထားတဲ့ ဒုက္ခသည် လူငယ်ကိုယ်စားပြု အသင်းကို ပရိသတ်တွေ တော်တော်လေးအားပေးကြတာလည်း တေ့ွရပါတယ်။

ခုလို တခြားနိုင်ငံက စက်ရုပ်ပြိုင်ပွဲဝင်တဲ့ လူငယ်တွေနဲ့ တွေ့ဆုံမှုကနေ ကမ္ဘာကြီးအတွက် အကျိုးရှိအောင် နည်းပညာနဲ့ ဘယ်လို ပူးပေါင်းလုပ်နိုင်မလဲ ဆိုတဲ့ အကြံဉာဏ်တွေ ရခဲ့သလို အခုပြိုင်ပွဲက အတေ့ွအကြုံတွေကို မြန်မာနိုင်ငံက လူငယ်တွေကို တတ်နိုင်သလောက် ပြန်ပြီး မျှဝေသွားမယ်လို့ ပြိုင်ပွဲဝင်ခဲ့တဲ့ မြန်မာစက်ရုပ်အသင်းက လူငယ်တွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ ရှေ့နှစ်ပြိုင်ပွဲကိုတော့ Mexico နိုင်ငံ Mexico City မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG