မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေထံ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေတင်ပို့ ကြံစည်မှုနဲ့ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) က မီဇိုရမ်းပြည်နယ်မှာ လူ ၁၀ ဦးကို စွဲချက်တင်လိုက်ပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လက်နက်၊ ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ မှောင်ခို သယ်ဆောင်နေတဲ့ ကွန်ယက်အဖွဲ့ဝင် ၁၀ ဦးကို စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မီဇိုရမ်းပြည်နယ်မြို့တော် အိုက်ဇောခရိုင်၊ Kulikawn ရဲစခန်းအပိုင်၊ Kelsih ကျေးရွာမှာ ရပ်ထားတဲ့ မော်တော်ယာဉ် ၂ စီးပေါ်မှာ အဲဒီ လက်နက်၊ ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်း အများအပြား တင်ဆောင်ထားတာ တွေ့ရှိခဲ့တဲ့အတွက် ကားပေါ်မှာရှိနေသူ ၄ ဦးကို ၂၀၂၂ ခုနှစ်၊ မေလကတည်းက သူတို့ကို ဖမ်းဆီး အမှုဖွင့်ထားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မီဇိုရမ်းပြည်နယ်အတွင်းမှာရှိနေသူတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲကို အဲဒီ လက်နက်၊ ခဲယမ်း မီးကျောက်တွေကို တင်သွင်းဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
အခုစွဲချက်တင်ခံရတဲ့အထဲ ပါဝင်သူ တခြားလူတွေဟာလည်း မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးဖို့ တိုက်ရိုက် ပါဝင် ပတ်သက်နေသူတွေဖြစ်တယ်လို့ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတာမှာ မီဇိုရမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်အတွင်း ဒေသခံတော်လှန်ရေးအင်အားစုတွေက အောင်မြင်မှုတွေ ရရှိပြီး မြို့တချို့ကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အိမ်နီးချင်း မီဇိုရမ်းပြည်နယ်ထဲကို ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေလည်း ထွက်ပြေးခိုလှုံနေကြပါတယ်။
Forum