သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့်လက်မှတ်သစ် ထုတ်ပေးမည်


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ လဝကရုံးရှေ့မှာ လိုရာခရီးမထွက်ခင် စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (ဇူလိုင် ၃၊ ၂၀၁၇)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ လဝကရုံးရှေ့မှာ လိုရာခရီးမထွက်ခင် စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (ဇူလိုင် ၃၊ ၂၀၁၇)

မြန်မာအပါအဝင် ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် အသစ်လုပ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၆ ရက်နေ့မှာကြေညာခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်နေသူတွေကတော့ ကုန်ကျစရိတ်တွေ လျှော့ချပေးဖို့တောင်းဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။ အထောက်အထားမဲ့တွေအတွက် တရားဥပဒေနဲ့အညီနေထိုင်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Mr. Phiphat Ratchakitprakarn က အခုလိုပြောသွားပါတယ်။

အလုပ်သမားရေးရာဝန်ကြီး ပြောသွားတာကတော့ 'အလုပ်သမားရေးဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့မူဝါဒအရ ထိုင်းနိုင်ငံမှာလာရောက်လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေအနေနဲ့ တရားဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်နိုင်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လုပ်နေတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နယ်မြေအတွင်း စည်းကမ်းဥပဒေနဲ့ လုပ်ပိုင်ခွင့်တွေ ပေးသွားမှာဖြစ်ပါတယ်' လို့ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်ရှာဖို့ လာကြတဲ့မြန်မာတွေအတွက်ကော၊ စစ်မှုထမ်းဥပဒေထွက်အပြီး တိမ်းရှောင်လာကြတဲ့လူတွေအတွက်ပါ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးတာကို အလုပ်သမားရေးလှုပ်ရှားသူတွေက ကြိုဆိုပါတယ်။ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

"ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ဇွန်လ ၆ ရက် နေ့စွဲနဲ့အတည်ပြုလိုက်တယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို့ဝ်- ၄ နိုင်ငံက အထောက်အထားမဲ့တွေအတွက် ကောင်းတယ်။"

ထိုင်းအစိုးရကို အလုပ်သမားရေးလှုပ်ရှားသူတွေက အကြုံပြုတာကတော့ အလုပ်လုပ်ခွင့်အထောက်အထားအတွက် ကုန်ကျစရိတ်လျှော့ချပေးဖို့ပဲဖြစ်ပါတယ်။ ထိုင်းအစိုးရက ဗီဇာကြေး ဘတ် ၁,၉၀၀ ကနေ ဘတ် ၅၀၀ အထိ လျှော့ချပေးထားပေမယ့် တခြားကုန်ကျစရိတ်တွေကိုတော့ လျှော့ချပေးတာမရှိသေးပါဘူး။ထိုင်းနိုင်ငံရဲ့ခရိုင် ၇၇ ခုမှာ ထိုင်းအစိုးရရဲ့တရားဝင် သတ်မှတ်စျေးအပြင် အလုပ်ရှင်မရှိဘဲ အလုပ်သမားလက်မှတ်လုပ်လို့မရတဲ့အတွက်လည်း မည်သူမဆို အလုပ်ရှင်မပါဘဲ အလုပ်လုပ်ခွင့်လက်မှတ်လုပ်ပေးဖို့အတွက်ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ဦးမိုးကြိုးကဆိုပါတယ်။

"စာရွက်စာတမ်းတွေလုပ်တဲ့အခါ သိသာထင်ရှားတဲ့ကုန်ဈေးနှုန်း လျှော့ချပေးဖို့ သူဌေးအာမခံမှုမရှိတဲ့ အလုပ်သမားတွေက အများစုဖြစ်တဲ့အတွက် သူဌေးအာမခံပေးဖို့ စျေးနှုန်းက မဲဆောက်မှာက ဘတ်နှစ်ထောင်ဖြစ်တယ်။ တခြား ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်ဘက်မှာကတော့ သူဌေးအမည်ခံပေးတဲ့အခါက ၃ ထောင်၊ ၃,၅၀၀ အထိဖြစ်တယ်။ သူဌေးအမည်ခံခကလည်း လူတွေကို ဝန်ထုတ်ဝန်ပိုးတွေဖြစ်စေတယ်။"

အခုအလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကဒ်ကို အလုပ်ရှင်တွေဆီမှာ ရောက်နေပြီးသား အလုပ်သမားတွေကိုသာလုပ်ပေးမှာဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသလို အလုပ်လုပ်ခွင့်လက်မှတ်ကို သက်တမ်းတိုးဖို့မမှီလိုက်သူတွေ၊ အလုပ်ရှင်ပြောင်းချိန်မရလို့ တရားမဝင်ဖြစ်သွားတဲ့သူတွေအတွက် ရည်ရွယ်တယ်လို့လည်း ထိုင်းအစိုးရကဆိုပါတယ်။ ဒေသအလိုက် ရာသီပေါ်သီးနှံတွေ စိုက်ပျိုးချိန်မှာ လိုအပ်တဲ့အလုပ်သမားတွေအတွက်လည်းပါဝင်ပြီး နယ်စပ်ဒေသတွေကို ဖြတ်သန်းသွားလာခွင့်လက်မှတ်တွေနဲ့ လုပ်ကိုင်နိုင်တယ်လို့ဆိုပါတယ်။ အခုဆိုရင် သက်တမ်းတိုးရမယ့်အလုပ်သမားအရေအတွက် နှစ်သန်းခန့်ရှိတယ်လို့လည်း ထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်ရှင်။

Forum

XS
SM
MD
LG