သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာပြုလုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲ တရက်နောက်ဆုတ်


 မြန်မာ့အရေး ဆွေးနွေးပွဲထိုင်းသတင်းထုတ်ပြန်
မြန်မာ့အရေး ဆွေးနွေးပွဲထိုင်းသတင်းထုတ်ပြန်

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်မယ့် မြန်မာ့အရေးအာဆီယံအလွတ်သဘော ဆွေးနွေးပွဲကိုကန့်ကွက်မှုတွေကြားကပဲ ဇွန် ၁၉ရက် အခု တနင်းလာနေ့မှာ ကျင်းပမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းက ထုတ်ပြန်ကြေညာပါတယ်။

မူလတနင်္ဂနွေနေ့ ပြုလုပ်ဖို့ စီစဉ်ထားတာကို တရက်နောက်ဆုတ်လိုက်ရတာဖြစ်ပြီး၊ ဘာကြောင့်လဲဆိုတာ တော့မသိရပါဘူး။ အာဆီယံမူဘောင်အတွင်းကနေ ကျင်းပပြုလုပ်တာမဟုတ်ပေမယ့် မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ အာဆီယံအသင်းကြီးရဲ့ ကြိုးပမ်းမှုအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အလားတူမြန်မာ့အရေးအလွတ်သဘော ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ဒီမတိုင်ကလည်း နှစ်ကြိမ်ကျင်းပခဲ့ဖူးပါတယ်။ ဒါဟာ တတိယအကြိမ်​မြောက် အလွတ်ဆွေးနွေးပွဲဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီယား၊ မြန်မာ၊ အိန္ဒိယ၊ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ဖွယ်ရှိတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရရှိစေဖို့ အကြမ်းဖက်မှုတွေရပ်တန့်တာကို ထိုင်းနိုင်ငံအနေနဲ့ လိုလားတယ်လို့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အခု တနင်္ဂနွေမှာစတင်မယ့် အလွတ်သဘော ဆွေးနွေးပွဲကို တက်ရောက်ဖို့ဆိုပြီး လွန်ခဲ့တဲ့လေးရက်လောက်ကတည်းက ဖိတ်ကြားခဲ့တာပါ။ မြန်မာစစ် ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတက်ရောက်ဖို့ရှိတယ်လို့ ရိုက်တာသတင်းမှာရေးပါတယ်။

ထိုင်းနိုင်ငံဖက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတာဟာ အာဆီယံအဖွဲ့ရဲ့ ဘုံရပ်တည်ချက်သဘောထားနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေထွက်ခဲ့ပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အခုလိုစီစဉ်မှုကို စိတ်ပျက်မိတယ်လို့ ပြောတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်က ပြောခဲ့ပါတယ်။ မြန်မာ့အရေးတိုးတက်လာမှုမရှိသေးသလို အာဆီယံဘုံသဘေထားကိုလည်း အကောင်အထည်မဖော်နိုင်သေးတာမို့ အာဆီယံထိပ်သီးအဆင့် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီနဲ့ဆက်ဆံဖို့ဆိုတာ စောလွန်းသေးတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့က တုန့်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အစည်းအဝေးတက်ရောက်မှာမဟုတ်ဘူးလို့ တုန့်ပြန်သလို အာဆီယံခေါင်းဆာင်တွေရဲ့ဆုံးဖြတ်ချက်အတိုင်း အာဆီယံဥက္ကဌနဲ့ လုပ်ငန်းစဉ်ကို အထောက် အပံ့ဖြစ်စေမယ် အာဆီယံအသင်းကြီးရဲ့ညီညွတ်မှုပြဖို့ အရေးကြီးတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိုင်းနိုင်ငံက အခုလို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တဲ့အပေါ်မှာ စိတ်ပျက်ရသလို၊ ဒီအစည်းအဝေးကို ဖျက်သိမ်းပေးဖို့နဲ့ ဖိတ်ကြားခံရတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို မတက်ရောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ ၈၁ ဖွဲ့ကလည်း အခုလို ထိုင်းနိုင်ငံဘက်က ဖိတ်ကြားခဲ့တဲ့အပေါ် အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ပြစ်တင်ရှုတ်ချထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG