မြန်မာ့အရေး နိုင်ငံခြားရေးဝန်ကြီးအဆင့် အလွတ်သဘော ဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပြီး အိမ်ရှင်ထိုင်းနိုင်ငံက မြန်မာကိုပါ ဖိတ်ခေါ်ထားပါတယ်။ လာမဲ့ တနင်္ဂနွေ-တနင်္လာ ဇွန်လ ၁၈ နဲ့ ၁၉ မှာ ပြုလုပ်မဲ့ ဒီဆွေးနွေးပွဲကို၊ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ခံထားပြီး၊ ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့ အဖွဲ့ဝင်နိုင်ငံ မရှိသေးဘူးလို့၊ ထိုင်းကပြောထားကြောင်း ဆွေးနွေးပွဲနီးစပ်သူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့လ မေလ မှာလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးပွဲကြေညာချက်မှာပါတဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ထိတွေ့ဆက်ဆံရေးအတွက် အခုလို စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာကို ဆွေးနွေးပွဲ ဖိတ်တာလို့၊ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ဒီနီးစပ်သူက ပြောပြပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူ နောက်တစ်ဦးကတော့ အခု ထိုင်းဘက်က ဦးဆောင်ကြိုးပမ်းတဲ့ ဆွေးနွေးပွဲအပေါ်၊ လက်ရှိ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ဥက္ကဋ္ဌ အင်ဒိုနီးရှားဘက်ကတော့ သိပ်မလိုလားကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai လက်မှတ်ထိုးပြီး ဒီဗုဒ္ဓဟူးနေ့ ဇွန်လ ၁၄ နေ့စွဲနဲ့ ဖိတ်တဲ့ အခုဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ဖို့ရှိနိုင်တယ်လို့၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ အခုလာမဲ့ ဝန်ကြီးအဆင့်ဆွေးနွေးပွဲ တိုးတက်မှုရှိလာရင် နောက်ဆက်တွဲ နိုင်ငံ့ခေါင်းဆောင်အဆင့်ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ မျှော်လင့်ထားတယ်လို့လည်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don က ပြောတာကို နီးစပ်သူတွေက ပြောပြပါတယ်။
ဒါပေမဲ့ လက်ရှိ ထိုင်းမှာ ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခု ဖိတ်ကြားချက်ဟာ အလောတကြီးဆန်လွန်းပြီး၊ ထိရောက်ဖို့ မလွယ်လှဘူးလို့လည်း သုံးသပ်သူတွေက ထောက်ပြနေပါတယ်။ မတ်လနဲ့ ဧပြီလတုန်းကလည်း ထိုင်းနဲ့ အိန္ဒိယမှာ မြန်မာ့အရေး အစိုးရတပိုင်း အစိုးရမဟုတ်သူတပိုင်းပါ ဆွေးနွေးပွဲတွေ လုပ်လာခဲ့ပေမဲ့၊ နောက်ဆက်တွဲ ပွဲဆက်ဖြစ်မလာသေးချိန်၊ အခုလို ထိုင်းဘက်က အလွတ်သဘော ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ထပ်လုပ်တာဖြစ်ပါတယ်။