သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မလေးနယ်စပ်မှာ ခိုးဝင်မြန်မာ ၁၆ ယောက် အဖမ်းခံရ 


၂၀၀၈ ခုနှစ်က တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရစဉ်
၂၀၀၈ ခုနှစ်က တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရစဉ်

ထိုင်း-မလေးရှားနယ်စပ်က၊ ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်ထဲမှာ လူကုန်ကူးသူတွေနဲ့ ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို စနေနေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံထဲ တရားမဝင်လာရောက်သူတွေကို ထိုင်းအာဏာပိုင်တွေက ထိုင်းစစ်တပ်နဲ့အတူ လိုက်လံရှာဖွေ ဖမ်းဆီးမှုတွေ တိုးမြှင့်လာခဲ့တဲ့ နောက်ပိုင်း ဧပြီလကစပြီး ၂ လအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၀၀ လောက် အဖမ်းခံနေရတာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းမလေးရှား နယ်စပ်၊ ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်ထဲမှာ မလေးရှားကို လူကုန်ကူးနေတဲ့ ဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ မြန်မာ ၁၆ယောက် ဖမ်းဆီးခံခဲ့ရ တယ်လို့ ဟတ်ရိုင်မြို့နယ် ထဲက ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက် တာဝန်ခံ ဦးဘရီက အခုလို ပြောပြပါတယ်။

“ဖမ်းမိတာက လူပေါင်း ၁၆ယောက်ပေါ့နော်။ ကျနော်တို ဟတ်ရိုင်မှာ ခွာလန်လို့ ခေါ်တဲ့နေရာပေါ့ ဟတ်ရိုင်မြို့နယ်ထဲမှာပဲ ဖမ်းမိတဲ့အခါမှာရဲ က ပိုက်ဆံနဲ့ လာရွေးဖို့ ပွဲစားကို ရဲက လိမ်ပြီးခေါ်တာပေါ့။ နောက်တော့ ပိုက်ဆံနဲ့လာရွေးတဲ့အခါမှာ ဖမ်းဖို့ လုပ်တော့ ကားသမားက ထွက်ပြေးတယ်ပေါ့။ အဲဒီလိုအမူတွေက ခဏခဏမိနေတယ်။ “

မလေးရှားနယ်စပ်မှာရှိတဲ့ သစ်စက်ရုံတွေ၊ ရာဘာလက်အိပ် ထုတ်တဲ့စက်ရုံတွေ၊ ပုဇွန်ရုံတွေမှာ အဖမ်းအဆီးတွေ စစ်ဆေးမူတွေ လုပ်နေပါတယ်။ မလေးရှားကို တရားမဝင် ခိုးဝင်တဲ့ သူတွေကို ရှာဖွေရင်းနဲ့ စက်ရုံကို ဝင်စစ်ဆေးတဲ့ အခါမှာ ထိုင်းမှာ တားမြစ်မူးယစ်ဆေးဝါးမှာ ပါတဲ့ ဘိန်းစာရွက် တွေကို ကြိုသောက်နေတဲ့ အလုပ်သမား ၆ဦးကိုလည်း ဖမ်းမိတာကြောင့် သူတို့ ကိုလည်း ထိုင်းထဲကို ၃နှစ်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ စက်ရုံထဲ လဝကတွေ သင်တဲ့အခါ မလေးရှားကို သွားမယ့် ခရီးသည်တွေကို လိုက်ရှာတဲ့အခါမှာ စက်ရုံထဲမှာ ဘိန်းစာရွက်တွေ သောက်တဲ့ အလုပ်သမားတွေလိုက်ရှာရင်းနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ မြန်မာအလုပ်သမားတွေ မိတယ်။ ထိုင်းလူမျိုးတွေ ဆိုရင် ဒဏ်ငွေ ဘတ်ငွေ ၁၅၀၀ - ၂၀၀၀ လောက် ပေးရုံနဲ့ တော့ လွှတ်တယ်။ မြန်မာအလုပ်သမားတွေ ကျတော့ ဒဏ်ငွေ ၁၅၀၀ - ၂၀၀၀ ဆောင်ရတဲ့ အပြင်သူတို့က နယ်စပ်ကို ပြန်ပို့တယ်လေ။ ပြည်ဝင်ခွင့်ကိုလည်း ၂နှစ်ကနေ ၃နှစ်ထိ ပိတ်ပစ်လိုက်တယ်။”

အခုဆိုရင် မလေးရှားနယ်စပ်ကို ခိုးဝင်ဖို့ ကြိုးစားကြရမှာ ဧပြီလကစပြီး ၂ လကျော် အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅၀၀ကျော် ဖမ်းဆီးခံထားရကြောင်း၊ သူတို့ကိုတော့ စစ်တပ်ထဲမှာ ထားပြီးစစ်ဆေးနေတာမျိုးတွေ၊ ရဲစခန်းထဲမှာပဲ ဖမ်းဆီးထားပြီး ပွဲစားတွေကို စစ်ဆေးနေတာမျိုးတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။

အရင်တုန်းကတေ့ာ မြန်မာတွေ ဖမ်းမိရင် ငွေကြေးနဲ့ လိုက်ရွေးထုတ်တာ မျိုးတွေ လုပ်လို့ရပေမယ့် အခုနောက်ပိုင်းမှာတော့ လဝကနဲ့ အတူ ထိုင်းစစ်တပ်ပါ ပါလာပြီး ဖမ်းဆီးတာ ကြောင့် လူပွဲစား အတော်များများလည်း ဖမ်းမိခဲ့သလို၊ မလေးရှားကို တရားမဝင် ခိုးဝင်ကြတဲ့ မြန်မာတွေလည်း ဖမ်းမိကြတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ရက်က ထိုင်းရေပိုင်နက်ထဲမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၄၀ကျော် ကိုလည်း ဖမ်းထားဆဲ ဖြစ်ပြီး စစ်ဆေးမူတွေဆက် တိုက်လုပ်နေဆဲဖြစ်တယ်လို့လည်း ပြောပြသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG