သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုတွေလက်က မြန်မာ ၄၀ ထိုင်း ကယ်တင်


လူမှောင်ခိုတွေလက်က မြန်မာ ၄၀ ထိုင်း ကယ်တင်
(Photo- ဟတ်ရိုင်မြို့နယ်ရဲ )
လူမှောင်ခိုတွေလက်က မြန်မာ ၄၀ ထိုင်း ကယ်တင် (Photo- ဟတ်ရိုင်မြို့နယ်ရဲ )

မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ တောင်ပိုင်းက နေအိမ်တလုံးမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး အာဏာပိုင်တွေ ကယ်ဆယ်လိုက်ပါတယ်။ လူမှောင်ခိုကူးသူတွေက ၃ ရက်ကြာ အစားအသောက်မပေးပဲ ပိတ်လှောင်ခံခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့တာလို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ၊ ပတ်တနီ ကနေ ဆုန်ခလာ မြို့ကို သွားနေတဲ့ ဗင်ကားတစ်စီး ကို သတင်းအရ လူကုန်ကူးမှု တိုက်ဖျက်အဖွဲ့တွေ ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့တွေ ၊ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့တာပါ။ ကားမောင်းသူ ထိုင်းနိုင်ငံသား မောင်းလာတဲ့ ဗင်ကားအတွင်းမှာ ခရီးသည်လိုက်ပါလာတာ မတွေ့ရပေမယ့် ဆက်လက်စစ်ဆေးချက်အရ ကားမောင်းသမား ဟာ လူကုန်ကူးတဲ့ဂိုဏ်းက ကားမောင်းသမားလို့သိရပြီး ကားသမားရဲ့ သတင်းပေးဝန်ခံချက်အရဟတ်ယိုင်မြို့နယ် နေအိမ်တစ်လုံးမှာ မြန်မာနိုင်ငံသား အများအပြား ကို လူမှောင်ခိုသမားတွေက ပိတ်လှောင်ထားတယ်ဆိုတာကို အာဏာပိုင်တွေကသိရှိသွားခဲ့ပါတယ်။

ကားသမားသတင်းပေးတဲ့ နေရာ ဟတ်ယိုင်မြို့ ပတောင်းရပ်ကွက် အိမ်နံပါတ် No. 79/7 ကို လူကုန်တိုက်ဖျက်ရေးအဖွဲ့ တွေ ၊ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်တွေနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက် ရှာဖွေခဲ့ကြပါတယ်။ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်ရဲ့ထိုင်းတောင်ပိုင်းဟတ်ရိုင်မြို့နယ် ရုံးတာဝန်ခံ ဦးဘရီက အခုလို ပြောပြပါတယ်။
“ကျနော့် အသိတယောက်ရဲ့ အခန်းဘေးမှာ ၄၀ကျော်ကို ထပ်ဖမ်းတယ်။ အခန်းထဲမှာ လှောင်ထားတာက မလေးရှားကို မပို့ခင်မှာ အခန်းထဲမှာလှောင်ထားတယ်။ ပြီးတော့ အခန်းပိုင်ရှင်တဦးရဲ့ သားက ဆေးတွေရောင်းတယ်။ အဲဒီမှာ ပွဲစားတွေက ဆေးရူကြတော့ အချင်းချင်းမကျေနပ်၊ ရန်ဖြစ်ကြတော့ ပတ်ဝန်းကျင် အခန်းဘေးက မခံနိုင်ဘူး။ အဲဒီတော့ သူတို့ကတိုင်တာ။ အခန်းပိုင်ရှင် ဆေးရောင်းတဲ့ ထိုင်းလည်းပါသွားတယ် ။ ဖမ်းခံထိတယ် မြန်မာ ပွဲစားတွေလည်း ဖမ်းခံထိတယ် တော်တော်ကို အဖမ်းအဆီးများနေတယ်ဗျ အခုက ပွဲစားတွေကို အတော်လိုက်နေတယ်။”

အိမ်တံခါးတွေအလုံးပိတ် သော့ခတ်ထားပြီး မှောင်နေတဲ့အခန်းငယ် အတွင်းမှာ မြန်မာနိုင်ငံသား ၄၀ ခန့်ဟာ အစာမစားရတာ သုံးရက်ရှိနေပြီး စကားတောင်ကျယ်ကျယ် မပြောနိုင်ကြပါဘူးလို့ကယ်ဆယ်ရေး လုပ်ခဲ့သူတွေက ပြောပါတယ်။ သူတို့အားလုံးကို လူမှောင်ခိုသမားတွေက မီးမဖွင့်ရ ၊ စကားမပြောရ၊ ဆူညံသံမထွက်ရလို့ တင်းကြပ်ထားပြီး မလေးရှားက လာခေါ်မယ့် လူပွဲစားအဖွဲ့တွေလာတဲ့အထိ စောင့်နေကြတာလို့ ပြောဆိုခဲ့ပါတယ်။သူတို့ထဲမှာလည်းပွဲစားနဲ့ ပတ်သက်သူ ဘယ်သူဆိုတာကို စစ်ဆေးနေကြပါတယ်။

မြန်မာနိုင်ငံသားတွေကို ပိတ်လှောင်ထားတဲ့ လူပွဲစားတွေကို ဆက်လက်ဖမ်းဆီးအရေးယူနိုင်ဖို့ စစ်ဆေး လုပ်ဆောင်နေကြောင်းဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့လူကုန်ကူးခံရသူ ပေါင်း ၁၀၀၀နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဒီနှစ်ထဲမှာတော့ ၆လမပြည့်ခင် ထိုင်းတောင်ပိုင်းမှာ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ထောင်ဂဏန်းလောက ်ဖမ်းဆီးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG