သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ကလေးငယ်တချို့ တရားဝင် အထောက်အထားများရလာပြီ


 ထိုင်း-မြန်မာနယ်စပ် ကလေးငယ်တချို့ တရားဝင် အထောက်အထားများရ (SAW foundation- Children Crisis Center)
ထိုင်း-မြန်မာနယ်စပ် ကလေးငယ်တချို့ တရားဝင် အထောက်အထားများရ (SAW foundation- Children Crisis Center)

ထိုင်းနိုင်ငံအခြေစိုက် SAW ဖောင်ဒေးရှင်းရဲ့ Children Crisis Center မှာ စောင့်ရှောက်ထားတဲ့ ကလေးတွေ ထိုင်း နိုင်ငံထဲမှာ ပညာသင်ကြားနိုင်ပြီး လုံခြုံရေးအကာအကွယ်လည်းရစေမယ့် အထောက်အထား လက်မှတ်တွေကို ထိုင်းအစိုးရက ထုတ်ပေးနေပြီဖြစ်ပါတယ်။ ဒီလို တရားဝင်အထောက်အထား လက်မှတ်တွေ ရလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကိုပါ ခံစားရရှိကြတော့မှာပါ။ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်ပြီး မိဘမဲ့ကလေးတွေအပါအဝင် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ကူညီ စောင့်ရှောက် ပေးနေတဲ့ SAW ဖောင်ဒေးရှင်းက ကလေးတွေကို ထိုင်းအစိုးရက ထိုင်းနိုင်ငံထဲမှာ နေထိုင်ဖို့နဲ့ အခမဲ့ပညာသင်ကြားနိုင်ဖို့အတွက် အထောက်အထားလက်မှတ်တွေကို ဖေဖော်ဝါရီလကုန်ပိုင်း ကနေ စတင်ထုတ်ပေးခဲ့ပြီး မတ်လ ၂ ရက်နေ့ထိ တပတ်အတွင်းမှာ တော့ ကလေးပေါင်း ၃၉ ယောက် စတင်ရရှိပြီဖြစ်ပါတယ်။

ဒီလက်မှတ်တွေကို ထုတ်ပေးနိုင်ရေးအတွက် ဥပဒေကြောင်းအရ လုပ်ဆောင်ခဲ့တဲ့ ထိုင်းရှေ့နေများကောင်စီရဲ့ ကလေးသူငယ် များ၊ နိုင်ငံမဲ့များနဲ့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ဆပ်ကော်မတီဥက္ကဌလည်းဖြစ်၊ Social Action For Children And Women ဖောင်ဒေးရှင်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ Mr. Surapong Songchantuk က ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ ကလေးတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေနည်းတူ အခွင့်အရေးရှိတဲ့အကြောင်း ပြောပါတယ်၊

“ဒီအထောက်အထားလက်မှတ်ဟာ လက်ရှိမှာတော့ ထိုင်းအစိုးရကျောင်းတွေမှာ အခမဲ့ ပညာသင်ကြားနိုင်ပြီး နောက်ပိုင်းမှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မူတွေပါ ရရှိမှာဖြစ်ပါတယ်။ ဒီအထောက်အထားလက်မှတ်တွေကနေ တဆင့်ပြီးတဆင့် ထိုင်း နိုင်ငံမှာမွေးဖွားပြီး မိဘမဲ့ကလေးတွေဆိုရင် ထိုင်းနိုင်ငံသားတွေအဖြစ်ပါတောင်းဆိုနိုင်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ ကလေးတွေအနေနဲ့ အထောက်အထားလက်မှတ်တွေရရှိမှာဖြစ်သလို ဒီလက်မှတ်တွေကိုင်ဆောင်ပြီး ထိုင်းနိုင်ငံသားတွေနည်းတူ ကျောင်းဆရာ၊ ဆရာဝန်၊ အစိုးရဝန်ထမ်းတွေအထိ လုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အလန်းတွေရှိပါတယ်။”

လက်ရှိမှာတော့ SAW ဖောင်ဒေးရှင်းရဲ့ ဂေဟာတွေမှာ နေထိုင်နေတဲ့ မိဘမဲ့ကလေးတွေကိုတော့ ထိုင်းနိုင်ငံသားတွေအဖြစ် တောင်းဆိုဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံသားအဖြစ် တောင်းဆိုသွားမယ့် အဲဒီကလေးတွေကတော့ မိဘတွေသေဆုံးသွားခဲ့တာ၊ မိဘတွေက စွန့်ပစ်သွားခဲ့တာ၊ မိဘတွေက SAW ဂေဟာမှာ ထားခဲ့ပြီးတဲ့နောက် နှစ်ရှည်ကြာတဲ့တိုင် ပြန်လည် ဆက်သွယ်တာမျိုး မလုပ်တော့တဲ့ ကလေးတွေ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံထဲမှာမွေးဖွားတဲ့ မွေးစာရင်းရှိသူတွေကိုလည်း အသက် ၁၀ နှစ်ကျော်ရင် ထိုင်းနိုင်ငံသားအဖြစ် တောင်းဆိုခွင့်ရှိတယ်လို့ သူကပြောပြပါတယ်။ ထိုင်းနိုင်ငံထဲမှာ ကျောင်းတက်နေပြီး တက္ကသိုလ်ထိ ပညာသင်ကြားနေတဲ့ ကလေးတွေဆိုရင်လည်း သူတို့ကိုယ်တိုင် ထိုင်းနိုင်ငံ သားအဖြစ် တောင်းဆိုနိုင်တယ်လို့လည်း သူကပြောပြသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG