သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျနေသူ ၂ ဦး၊ တသက်တကျွန်းပြစ်ဒဏ်လျှော့


မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်း(ညာ) နဲ့ ကိုဇော်လင်း(ဝဲ)။ (ဒီဇင်ဘာ ၂၄၊ ၂၀၁၅)
မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်း(ညာ) နဲ့ ကိုဇော်လင်း(ဝဲ)။ (ဒီဇင်ဘာ ၂၄၊ ၂၀၁၅)

[Zawgyi/Unicode]

ထိုင်းဘုရင်ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် နှစ် ဦးကို တသက်တကျွန်းပြစ်ဒဏ် လျှော့ပေါ့လိုက်တဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းက မယ်တော် သီရိခက်ရဲ့ သက်တော် ၈၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ပေးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့လည်း ပါဝင်ခဲ့တာဖြစ်ကြောင်းထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။

"ဘုရင့်နန်းတော်က ဘုရင်က ဆုံးဖြတ်တယ်။ သေဒဏ်ကနေ တသက်တကျွန်း လျှော့ပေါ့စဉ်းစားပေးတယ်။ တရားရုံးကနေ အမိန့် ထုတ်တာပေါ့။ အဓိကတော့ ဘုရင်ဆီမှာ သေဒဏ်ကနေ လျှော့ပေါ့ပေးတာ တနည်းနည်းနဲ့ အကြောင်းပြန်တယ်လို့ နားလည်တယ်။ ဒါကတော့ သူတိုကို ပြီးခဲ့နှစ်က သေဒဏ်ချထားရာကနေ တသက်တကျွန်းချလိုက်တယ်။ တသက်တကျွန်းကနေ ဒီကလေးတွေ ကောင်းကောင်းမွန်မွန်နေတယ်ဆိုရင်တော့ နှစ်တွေ လျှော့ပေါ့ခံရမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဒီကနေ့ပဲ ဘုရင့်နန်းတော်ကနေ ပေးပို့တယ်ဆိုပြီးတော့ သေဒဏ်ကနေ တသက်တကျွန်းဆို ကျနော်တို့အတွက် အများကြီးမျှော်လင့်ချက်ရှိတယ်။ ထိုင်းမှာက ကောင်းကောင်းနေရင်လျှော့ရက်တွေ ရှိတယ်၊ ကလေးတွေလည်း ၆ နှစ်လောက်နေပြီးပြီပဲ။"

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦးကို ထိုင်းဘုရင်းမင်းမြတ်အနေနဲ့ သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွှတ်ပေးဖို့ အသနားခံစာ ကို တင်ခဲ့တာဖြစ်ပြီး ဒီအသနားခံစာကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ၂၄ ရက်နေ့က လူငယ် နှစ်ဦး အကျဉ်းချထားရာ ဘန်ခွမ်အကျဉ်းထောင်က တဆင့် ဘုရင်မင်းမြတ်ဆီရောက်အောင် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလိုမျိုး အကျဉ်းသားတွေ ပြစ်ဒဏ်လျှော့ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကို ဘုရင့်နဲ့ ဘုရင်မကြီး မွေးနေ့တွေမှာ နှစ်စဉ်ပေးလေ့ရှိပါတယ်။ Royal pardon ဆိုတာ ပြစ်ဒဏ်ကျခံပြီး အကျဉ်သားတွေကို ပေးတဲ့ ဘုရင့်လွတ်ငြိမ်းခွင့်လည်း ဖြစ်ပါတယ်။

ထောင်ကျအကျဉ်းသားတွေအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးနေတဲ့ ထိုင်းနိုင်ငံမှာ လွတ်ငြိမ်းခွင့်ရမယ့် အကျဉ်းသားပေါင်း ၃၇၉,၂၇၄ ရှိနေပါတယ်။ ဘုရင့်လွတ်ငြိမ်းခွင်းရမယ့် အကျဉ်းသားတွေဟာ ပြစ်ဒဏ်ကျခံပြီး အကျဉ်းသားတွေ ဖြစ်သလို အကျဉ်းထောင်တွင်းမှာကောင်မွန်စွာ စည်းကမ်းလိုက်နာနေထိုင်နေကြတဲ့ အကျဉ်းသားတွေ ခံစားခွင့်ရကြတာဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင် အပန်းကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ် နှစ် ဦးသတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။

ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ နှစ် ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံ ကောစမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းရာကနေ အခုလို သေဒဏ်ကနေ လျှော့ပေါ့ပြီး တသက်တကျွန်း ချမှတ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တသက်တကျွန်းကို နှစ် ၅၀ အဖြစ် သတ်မှတ်ထားပေမဲ့ နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်တွေ ရတဲ့အခါမှာတော့ ၆ နှစ်နေပြီးသား အကျဉ်းသားတွေမို့ အကျဉ်းထောင်ထဲ ကောင်းမွန်စွာဆက်လက်နေထိုင်မယ်ဆိုရင် မကြာခင်နှစ်တွေအတွင်းမှာ လူငယ် နှစ် ဦး ပြန်လွတ်နိုင်ဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG