သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောက်လက်စတိုက်ခန်းပြိုကျမှု မြန်မာလုပ်သား ၃ ဦး သေဆုံး


myanmar worker die in the construction site (ဖူးခက် ကယ်ဆယ်ရေးသမားများ ရဲ့ ပုံ)
myanmar worker die in the construction site (ဖူးခက် ကယ်ဆယ်ရေးသမားများ ရဲ့ ပုံ)

ထိုင်းနိုင်ငံတောင်ပိုင်းက ဖူးခက်မြို့မှာ သြဂုတ်လ ၁၁ ရက် တနင်္ဂနွေနေ့က ဆောက်လက်စ ကွန်ဒို တိုက်ခန်းတခု ပြိုကျခဲ့တဲ့အတွက် မြန်မာဆောက်လုပ်ရေး လုပ်သား ၃ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် Rawai မြို့မှာဆောက်လုပ်ဆဲ VIP
GALAXY ကွန်ဒို တိုက်ခန်းတခုပြိုကျခဲ့တာပါ။ ဒီတိုက်ခန်းမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ ကွန်ကရစ် ကြမ်းခင်း လောင်းနေတဲ့အချိန် မှာ အလေးချိန် မနိုင် အောက်ခြေမခိုင်ပဲ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။ အဆောက်အဦးပြိုကျမူကြောင့် မြန်မာနိုင်ငံသား ၃ဦးသေဆုံးခဲ့ပြီး ၂ ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“အခုနောက်ဆုံးကတော့ ဆုံးတဲ့သူက ၃ယောက်ပေါ့နော်။ နောက်ဆုံးအလောင်းက ဒီနေ့ မနက်မှာ ထုတ်လို့ရတယ် ပြိုကျတာပေါ့နော် ။ အောက်ခြေဒေါက်က မခိုင်လို့ ပြိုကျတာတဲ့ ကျနော်အဲဒီ အလုပ်ဆိုဒ်ထဲက အခုပဲထွက်လာတာ ပြီးတော့ ၂ယောက်က တော့ ဒဏ်ရာပြင်းတယ်။ ဆေးရုံမှာရှိတုန်းပဲ ကျန်တဲ့သူတွေကတော့ ခြေထောက်ထိတာတို့ လက်တို့ဘာတို့ ထိတာတို့အဲဒါကတော့ ဆေးရုံကဆင်းပြီ။”

ပြိုကျနေတဲ့ အဆောက်ဦးပုံအောက်မှာ ပိတ်မိ သေဆုံးနေခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ အလောင်းကိုတော့ သြဂုတ်လ ၁၁ရက်နေ့မှာ သယ်ထုတ်နိုင်ခဲ့ပြီးသြဂုတ်လ ၁၂ရက်နေ့ မနက်မှာ နောက်ထပ် အလောင်း ၁လောင်း ကယ်ဆယ်ရေးသမားတွေက ထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကို ဒုမြို့ပိုင် ပင်ညာဝပ်နဲ့ မြို့နယ်အာဏာပိုင်တွေ လာရောက် စစ်ဆေးကြည်ရူ့ခဲ့ကြပါတယ်။ အခုလို မတော်တဆမူ ဖြစ်ပွားခဲ့တဲ့ အတွက် ဆောက်လုပ်ရေး ကုမ္ပဏီက အပြည့်အ၀ တာဝန်ယူပေးရမှာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေအတွက် နစ်နာကြေး ကိုလည်း မြန်မာ့အရေး ဆောင်ရွတ်ပေးနေကြတဲ့ အလုပ်သမားအဖွဲ့တွေက ကူညီဆောင်ရွက် ပေးစေလိုကြောင်း မြန်မာအလုပ်သမားမိသားစုဝင်တွေက ပြောပါတယ်။

အလုပ်ရှင် အလုပ်သမား ပို့တဲ့အေဂျင်စီတွေနဲ့ ဆွေးနွေးဖို့ အတွက် မြန်မာအလုပ်သမား သံအရာရှိတွေကတော့ ဖူးခက်မြို့ကိုလာနေကြပြီလို့ ဦးမင်းဦးက ဆိုပါတယ်။သေဆုံးသူတွေဟာ တရားဝင် အထောက်အထားများ ရှိတာကြောင့် နစ်နာကြေးရရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG