သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲကြောင့် ကော့သောင်းဒေသခံတွေ အိမ်နီးချင်းထိုင်းဘက် ထွက်ပြေး


ထိုင်း−မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာအိမ်နီးချင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသူ ကော့သောင်းစစ်ဘေးရှောင်များ။ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
ထိုင်း−မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာအိမ်နီးချင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသူ ကော့သောင်းစစ်ဘေးရှောင်များ။ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကော့သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲ ထွက်ပြေးလာသူ ဒီရက်ပိုင်းအတွင်း ၄၀၀ နီးပါးထိရှိလာတယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ တိုက်ပဲွတွေဖြစ်ပြီးတဲ့နောက် ဒေသခံ ၃၀ လောက်ကို တန်ဆာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်းမှာရှိတဲ့ မလိဝမ်းကျေးရွာနဲ့ ခမောက်ကြီး၊ ချောင်းဝတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဆီအုန်းခြံထဲကို ဝင်ရောက်ချိန်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေ နင်းမိရာကနေ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားတဦးသေဆုံးခဲ့သလို ဘေးလွတ်ရာ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ဒီရက်ပိုင်းမှာ ၄၀၀ လောက်ရှိတယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးကပြောပါတယ်။

"ထိုင်းဘက်ကို ဒုက္ခသည်တွေပြေးတာ ၄၀၀ နီးပါးရှိတယ်။ မလိဝမ်းကျေးရွာက ဥယျာဉ်ခြံမြေကအလုပ်လုပ်နေတဲ့သူတွေရှိတယ်။ ခမောက်ကြီးကျေးရွာ၊ ချောင်း၀ကျေးရွာ အကုန်လုံးထွက်ပြေးကြတာတွေလည်းရှိတယ်၊ ခမောက်ငယ် ကျေးရွာကလူတွေရှိမယ်။ တိုက်ပွဲဖြစ်တဲ့တကြောကလူတွေပေါ့။ တိုက်ပွဲဖြစ်တာက မလိဝမ်းကျေးရွာရဲ့တောတွင်းတနေရာမှာဖြစ်တာပါ။ ကျေးရွာသားတွေကတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေတော့ ၂၀ ရက်နေ့ကတည်းက ထွက်ပြေးကြတာပေါ့။"

ကော့သောင်းမြို့နယ်အတွင်း ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေသလို နှစ်ဘက်ပစ်ခတ်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ ဖမ်းဆီးမူတွေကြောင့် ဒေသခံတွေဟာ ထိုင်းဘက်ကိုထွက်ပြေးနေရသလို ၂၁ ရက်နေ့ကတော့ လူ ၃၀ လောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ပြောပါတယ်။

"ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ သူတို့ပြန်ဆုတ်ချိန်မှာ သူတို့က ရွာသားတွေကို လူသားဒိုင်းအနေနဲ့ခေါ်သွားကြတာပေါ့။"

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့်ရော နှစ်ဘက်တိုက်ပွဲတွေကြောင့်ပါ ဒေသခံ ၁၀၀ ကျော်လောက် ထိုင်းဘက် ရနောင်းခရိုင်ထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG