သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါရှိ စမွတ်ဆာခွန်းရွှေ့ပြောင်းလုပ်သားများ ယာယီဆေးရုံရွှေ့ပြောင်း


မဟာချိုင်ဒေသက နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို အရေးပေါ် ဆေးရုံသို့ ပြောင်းရွှေ့ပေးနေတဲ့မြင်ကွင်း (ဇန်နဝါရီလ ၄၊ ၂၀၂၁)
မဟာချိုင်ဒေသက နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို အရေးပေါ် ဆေးရုံသို့ ပြောင်းရွှေ့ပေးနေတဲ့မြင်ကွင်း (ဇန်နဝါရီလ ၄၊ ၂၀၂၁)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ မြန်မာနိုင်ငံသားတွေ အပါအဝင် ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ရွှေ့ပြောင်းအလုပ်သမား ၂၀၀ လောက်ကို ယာယီဆေးရုံတွေကို ရွှေ့ပြောင်းပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ အများစုကြုံနေရတာကြောင့် အနီရောင်အဆင့် သတ်မှတ်ထားတဲ့ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အများအပြား အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား အတည်ပြုလူနာ ၂၀၀ လောက်ကို တနင်္လာနေ့ကစပြီး အရေးပေါ် ယာယီဆေးရုံတွေကို ပြောင်းရွှေ့ပေးနေတာပါ။ မဟာချိုင်မြို့နယ်မှာ အရေးပေါ်ယာယီဆေးရုံ ၁၁ နေရာ စီစဉ်ထားပြီး လတ်တလော ပြင်ဆင်ပြီးစီးသွားတဲ့ ၂ နေရာကို ထိုင်းစစ်တပ်ပိုင် ကားတွေနဲ့ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ရုတ်တရက် ရောဂါကူးစက်မှုတွေ တိုးလာရာက ကုသဖို့လိုအပ်တဲ့ လူတွေအတွက် ဘောလုံးကွင်းမှာ အရေးပေါ် ဆေးရုံတွေကို စီစဉ်ခဲ့ရတာလို့လည်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ Satit Pituthecha က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေးတွေ့ရှိသူ လူနာအရေအတွက် ထောင်ဂဏန်းအထိ ရှိလာတာကြောင့် ကုသပေးဖို့ ဆေးရုံတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် အရေးပေါ်စီစဉ်ရတာဖြစ်ပြီး နိုင်ငံခြားသားအလုပ်သမား အတည်ပြုလူနာတွေကို အရေးပေါ်ဆေးရုံတွေဆီ ပြောင်းရွှေ့ပို့ဆောင် ကုသပေးနေတာဖြစ်ကြောင်း ကျန်းမာရေး ဒုဝန်ကြီးက ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ။"

မဟာချိုင်ဒေသမှာ အခြေစိုက်တဲ့ ရွှေပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ကူးစက်သူ အတည်ပြုလူနာတွေထဲမှာ ရောဂါလက္ခဏာ မပြင်းထန်သူတွေကိုတော့ နေထိုင်ရာ နေရာမှာပဲ ကန့်သတ်စောင့်ကြည့်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

"ကျန်းမာရေးညွန်ကြားချက်နဲ့အညီ ထားထားမယ်။ ကိုယ့်အိမ်ကိုယ်အိမ်ယာမှာပဲ နေထိုင်ခိုင်းမယ်။ ခပ်ခွါခွါ နေထိုင်ရမှာနေဖို့တွေနဲ့ ဆေးပေးတာတွေလုပ်တယ်။ အဲဒါပြီးမှ တစုံတရာထူးခြားမှု ဖြစ်လာတဲ့သူမှ ခေါ်ယူတာ လုပ်တယ်။ သူတို့စောင့်ကြည့်ထားတဲ့လူနာတွေ တစုံတရာ များများစားစား ကပ်ရောဂါလက္ခဏာတွေ ပြတာတွေဆိုရင်တော့ သယ်ယူရွှေ့ပြောင်းနေပါတယ်။"

ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၆၅ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၉,၀၀၀ နီးပါး ရှိလာတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲတဲ့ လကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။ ဒီရက်ပိုင်းတွေအတွင်း ကူးစက်သူ အတည်ပြုလူနာတွေထဲမှာလည်း မြန်မာနိုင်ငံသားတွေ အများစု ပါဝင်နေတာ တွေ့ရတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

"ဒီနေ့ ၁၁ နာရီ သတင်းထုတ်ပြန်တဲ့အထဲ ပေါ့စတစ်ဖြစ်တဲ့ လူနာ ၅၀၀ ကျော်ထဲမှာ ကျနော်တို့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားက ၄၀၀ ကျော်ပါနေတယ် အများစုက ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေကြားမှာပဲ ပျံ့နှံ့မှုက များနေတယ်ဆိုတာတော့ သက်သေပြနေတာပေါ့။"

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၂၇,၀၀၀ ကျော် ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG