သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ထိုင်း-မြန်မာနယ်စပ် မူးယစ်မှောင်ခို ဖမ်းဆီးမှုတိုး


ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ ကာလမှာပဲ ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံကလာတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဂိုဏ်းတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနှိမ်နင်းမှုတွေ လုပ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

၂၀၂၀ နှစ်ကုန်ကာလမှာ ထိုင်းတောင်ပိုင်းကတဆင့် နိုင်ငံတကာကိုပို့မယ့် စိတ်ကြွဆေးပြား ၂ သန်းနီးပါးကို စတင်ဖမ်းမိခဲ့ကြောင်း နှစ်သစ်ကာလမှာ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဒီမူးယစ်ဆေးဝါးတွေဟာ ထိုင်းမြောက်ပိုင်း ရွှေတြိဂံဒေသက လာတာဖြစ်ပြီး နောက်ထပ် ထောက်လှမ်းဖမ်းဆီးမှုတွေကိုလည်း ဆက်တိုက်လုပ်ခဲ့တာပါ။

နှစ်ကုန်ကာလ ဒီရက်ပိုင်းအတွင်းမှာ ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသထွက် စိတ်ကြွဆေးပြား ၁၀ သန်းကျော်နဲ့အတူ မူးယစ်ဂိုဏ်းဝင် တဒါဇင်လောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ထိုင်းရဲချုပ် Major General Manu Mek Mok က အခုလိုပြောသွားပါတယ်။

“မူးယစ်ဆေးဝါးတွေကို ထိုင်းမြောက်ပိုင်းနယ်စပ်ကနေ ထိုင်း-မလေးရှားနယ်စပ် ထိုင်းတောင်ပိုင်းဒေသတွေကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းနယ်စပ်ကနေ ဆက်ပြီး နိုင်ငံတကာကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ သူတို့အသုံးပြုတာက လမ်းဘေးသုံး အများသုံး တယ်လီဖုန်းဘေလ်ဖြည့်တဲ့ စက်ပစ္စည်းအခွံတွေထဲမှာ ထည့်ပြီး ထိုင်းပြည်တွင်းထဲမှာပဲ ပါဆယ်ပို့တဲ့စနစ်ကို သုံးပြီး ပို့ဆောင်နေတာ ဖြစ်ပါတယ်။” လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်းအာဏာပိုင်တွေဟာ စိတ်ကြွဆေး အလုံးအရင်း သယ်ဆောင်လာတဲ့ မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ကတော့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပြား ၆,၅၀၀,၀၀၀ သယ်ဆောက်လာတဲ့ ပစ်ကပ်ကားနောက်ကို ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့က နောက်ကနေ အမီလိုက် ဖမ်းဆီးတဲ့အချိန် နှစ်ဖက်အကြား ပစ်ခတ်မှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာတော့ ထိုင်းတောင်ပေါ်သား မူးယစ်မှောင်ခိုသမား ၂ ဦးဟာ ကားကိုစွန့်ပစ်ပြီး တောတွင်း ထွက်ပြေးသွားခဲ့ကြကြောင်း ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီအတွက် နှစ်ကုန်ရက်တွေမှာပဲ ထိုင်းအာဏာပိုင်တွေဟာ ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၂,၀၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေကို ဖမ်းဆီးခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမယ့် မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံ အပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။

ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)











XS
SM
MD
LG