သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံဒေသထွက် မူးယစ်ဆေးအများအပြား ထိုင်းဖမ်းဆီးခဲ့


၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသကလာတဲ့ မူးယစ်ဆေးဝါးတွေကို ဒီဇင်ဘာလထဲမှာ အမြောက်အမြား ဖမ်းမိကြောင်း ထိုင်းဒုရဲချုပ်က ဒီရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ဒုရဲချုပ် Montree Yimyam ဦးဆောင်ပြီး ဒီရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံအတွင်း ၂၀၂၀ ဒီဇင်ဘာလအတွင်းမှာ မူးယစ်ဆေးဝါး မက်သာဖက်တမင်း ၁၂.၈ သန်း၊ အိုက်စ်မူးယစ်ဆေး ကီလို ၂၀၊ ဆေးခြောက် ကီလို ၆၀၀ ကျော်နဲ့အတူ မူးယစ်ဆေးမှောင်ခိုကူးနေတဲ့ တရားခံ ၂၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောဆိုသွားတာပါ။

ဒုရဲချုပ် Montree Yimyam က သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

“ကိုဗစ်ကာလ နယ်စပ်တွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ အချိန်မှာ မူးယစ်ကုန်သည်တွေဟာ အခုလို ဆက်တိုက်ဝင်ရောက် သယ်ဆောင်လာနေတာ ဖြစ်ပါတယ်။ နယ်စပ်နဲ့ ထိစပ်နေတဲ့ တချို့ သဘာဝ တောလမ်းတွေဟာ မိုင်ထောင်နဲ့ချီ ထိစပ်နေတာဖြစ်ပြီး ကင်းလှည့်တပ်ဖွဲ့တွေ မရောက်နိုင်တာကြောင့် အခုလို သယ်ဆောင်နေကြတာ ဖြစ်တယ်။”

ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ထိုင်း-လာအိုနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ တာ့ခ်ခရိုင်နဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း ခရိုင်တွေမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမယ့် မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံ အပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။

ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကို ကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)










XS
SM
MD
LG