သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကလွတ်ရက်စေ့လို့ ပြန်ပို့ခံရသူတွေ ကော့သောင်းမှာ ငွေညှစ်အနိုင်ကျင့်ခံရ


ရနောင်း ကော့သောင်း ရေလမ်းကနေ ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့မြန်မာနိုင်ငံသားများ။ (၂၁ ၊ ၁၁၊ ၂၀၂၂ )
ရနောင်း ကော့သောင်း ရေလမ်းကနေ ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့မြန်မာနိုင်ငံသားများ။ (၂၁ ၊ ၁၁၊ ၂၀၂၂ )

ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့အဖမ်းဆီးခံရပြီးလွတ်ရက်စေ့တဲ့အခါမှာ ရနောင်းကနေ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းကိုပြည်တော်ပြန်ရတဲ့ မြန်မာနိင်ငံသားတွေထဲက လူငယ်နဲ့လူလတ်ပိုင်း အမျိုးသားတွေကို စစ်ကောင်စီရဲ့ခလရ ၂၆၂ က လာရောက်ခေါ်ဆောင်ပြီး ဖမ်းဆီးကာ ငွေနဲ့ရွေးခိုင်း ကြောင်း မရွေးနိုင်တဲ့သူတွေကို စစ်မထမ်းဖို့စေလွှတ်နေတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့အဖမ်းဆီးခံရပြီး လွတ်ရက်စေ့တဲ့အခါမှာ ရနောင်းအချုပ်နေ ပြည်တော်ပြန်ရတဲ့မြန်မာနိုင်ငံသားတွေကို ဇူလိုင်လကစပြီး ကော့သောင်းဘက်အခြေစိုက် ခလရ ၂၆၂ က လာရောက်ခေါ်ဆောင်သွားတာတွေရှိကြောင်း မကြာသေးခင်ဩဂုတ်လ ၂၆ ရက်နေ့က နေရပ်ပြန် ပို့ခဲ့တဲ့လူ ၁၀၀ ကျော်ထဲကလည်း လူ ၁၀ ဦးဝန်းကျင်ကို လာရောက်ခေါ်ဆောင်သွားပြီး မိသားစုထံ ငွေညှစ်တောင်းခံမှုတွေရှိတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက VOA ကို ပြောပြပါတယ်။

“မြန်မာကော့သောင်းလှေဆိပ်ကိုရောက်တဲ့အခါမှာတော့ စစ်တပ်က စစ်ဆေးတာတွေဘာတွေတော့ လုပ်တာပေါ့ဗျာ၊ အချုပ်သားတွေကို စစ်ဆေးတာတော့ ရိုးရိုးသာမန်စစ်ဆေးတာပဲ။ အဲဒီထဲက လူအားလုံးကိုခေါ်သွားတာတော့မဟုတ်ဘူး၊ တချို့ လူတွေကို ခေါ်သွားတယ်။ အဲဒီထဲမှာအသက် ၁၈-၁၉ လူငယ်တွေလည်းပါတယ်၊ ၁၀၈ ဦးထဲမှာ လူ ၈ ဦး၊ ၉ ဦးလောက်ရှိတယ်။ အချုပ်ထဲကို ရောက် သွားတယ်။ ကျနော်သိတာတော့ ပိုက်ဆံနဲ့လာရွေးခိုင်းတယ်။ သူတို့သတ်မှတ်ထားတဲ့ ငွေကြေးနဲ့ လာရွေးခိုင်းတယ်။ မရွေးရင်တော့ မြိတ်ကိုပို့မယ်ပြောပါတယ်။”

စစ်တပ်ကခေါ်ဆောင်သွားတဲ့ ပြည်တော်ပြန်တွေကိုတော့ ခလရ ၂၆၂ မှာ ချုပ်ထားပြီးမိသားစုတွေကို ငွေနဲ့လာရွေးခိုင်းတာတွေ လုပ်ခိုင်းတယ်လို့လည်းပြောပါတယ်။

“ဘတ်နဲ့ဆို ၂ သောင်း မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၂၀ ကျော်တာပေါ့နော်။ ခလရ ၂၆၂ ကို ရောက်တဲ့ အခါမှာ အချုပ်ကျနေတဲ့သူတွေကို ရနောင်းဘက် ထိုင်းဘက်နေတဲ့မိသားစုတွေရှိရင် သူတို့က ဘတ် ၂ သောင်းနဲ့ လာရွေးထုတ်ခိုင်းတယ်။ မြန်မာဘက်က မိသားစုတွေဆိုရင်တော့ သိန်း ၂၀ နဲ့ လာရွေးခိုင်း တယ်။”

ထိုင်းမှာအလုပ်သွားလုပ်ရင်း အဖမ်းခံရတဲ့ ပြည်တော်ပြန်တဦးကတော့ ငွေမပေးနိုင်လို့ ဆက်ပြီး ဖမ်းဆီးခံထားရကြောင်း စစ်မှုထမ်းဖို့အတွက် မြိတ်ကို ပို့ဆောင်ဖို့လုပ်နေတယ်လို့ မိသားစုဝင် တဦးကလည်း VOA ကိုပြောပါတယ်။

အခုဆိုရင် ပြည်တော်ပြန်တွေကိုဖမ်းဆီးပြီး စစ်တပ်ထဲလိုက်ဖို့ လူစုဆောင်းနေတာတွေလုပ်နေတဲ့ အတွက် အဲဒီထဲမှာတနင်္သာရီတိုင်းထဲက ကော့သောင်း၊ ဘုတ်ပြင်းစတဲ့ ဒေသခံတွေလည်းပါသလို တခြားပြည်နယ်နဲ့တိုင်းတွေက လူတွေလည်းပါဝင်ကြောင်း ဇူလိုလအတွင်းမှာ နေရပ်ပြန်ပို့လိုက်တဲ့ ပြည်တော်ပြန်တွေထဲ့ ၇၀ လောက်ကိုတော့ စစ်တပ်ကခေါ်ဆောင်သွားတယ်လို့လည်း ပြောပြပါတယ်။

“၃၀၀ နီးပါးလောက်ရှိတာကိုတော့ အဲဒီထဲက အယောက် ၇၀ လောက်ကိုတော့ စစ်မှုထမ်းဖို့ဆိုပြီး မြိတ်ဘက်ကိုပို့ခံရတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ကော့သောင်းအာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားတဲ့အခါမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။ မိသားစုဝင်တွေနဲ့ ဒေသခံပြောတာကတော့ စစ်တပ်က ဇူလိုင်လကစပြီး အခုလိုမျိုးပြည်တော်ပြန်သူတွေကို စစ်သားအဖြစ် စုဆောင်းတာတွေလုပ်လာတာဖြစ်ကြောင်း ငွေမပေးနိုင်ရင်တော့ စစ်တပ်ထဲကိုပို့ဆောင်လိုက်တာဖြစ်ကြောင်းကိုလည်း ပြောပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG