သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ Omicron ကိုဗစ်ပိုး ကူးစက်သူ ၁၀၀ ကျော်ပြီ


Covid test in Thailand
Covid test in Thailand

ထိုင်းနိုင်ငံမှာ Omicron ကိုဗစ်ပိုး ကူးစက်သူ ၁၀၀ ကျော်ပြီ

{{Zawgyi/Unicode}}

ဗီဇပြောင်းကိုဗစ် မျိုးကွဲသစ် ဖြစ်တဲ့ Omicron ကူးစက်သူ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၁၀၀ ကျော်ရှိသွားပါပြီ။ တရားဝင်အတည်ပြုလို့ မရနိုင်သူတွေထဲမှာ Omicron ကူးစက်မှုတွေ ဒီထက်များနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ မြန်မာရွှေပြောင်းအလုပ်သမား သန်းနဲ့ချီ ရှိနေတဲ့ ထိုင်းနိုင်ငံက Omicron ကိုဗစ်ကပ်ရောဂါကူးစက်မှုအခြေအနေနဲ့ပါတ်သက်လို့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက တင်ပြပါမယ်။

Omicron ကိုဗစ်မျိုးသစ် ကူးစက်သူတွေရှိနေတဲ့ ထိုင်းနိုင်ငံမှာ စုစုပေါင်း Omicron ပိုးကူးစက်နေသူ ၁၀၀ ကျော်သွားပြီလို့ ထိုင်းနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးဗဟိုက ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆေးစစ် ဓါတ်ခွဲပြီး Omicron ပိုးကူးစက်သူလို့ တရားဝင် အတည်ပြုနိုင်သူတွေအပြင် တရားဝင် အတည်မပြုနိုင်သေးသူတွေ ဒီထက်များနိုင်တယ်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတက်ရေးအဖွဲ့က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

" Omicron က ၁၀၀ ကျော်သွားပြီ သူတို့ စာရင်းအရပဲသိရတာ။ ဒီထက်တောင်ပိုများနိုင်သေးတယ်။တရားဝင်တောင် ၁၀၀ကျော်ရှိတယ်။ မထုတ်ပြန်သေးတာ မထုတ်ပြန်နိုင်သေးတာပဲရှိတယ်။ ရောက်လာတဲ့သူတွေထဲမှာဘယ်နှစ်ယောက်လောက်ပါလာလဲမသိဘူး။ အခု ရောဂါအတွက်အမြန်အတွက် စစ်ဆေးတဲ့ စနစ်တွေ ကိရိယာတွေကလည်း မျိုးဗီဇအသစ် Omicron အတွက် လုပ်ထားတာမဟုတ်ဘူး။ တချို့ တွေကစစ်လိုက်ရင်မတွေ့ဘူ။ နောက်ကြာတော့မှာစစ်တော့ Omicron ဖြစ်နေတာတွေ့တယ်။ ဒီနေ့သတင်းမှာတောင်တယောက်တွေ့သေးတယ်''

ထိခိုက်နေတဲ့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့လာစေဖို့အတွက် ကိုဗစ်ကာကွယ်ရေးထိုးထားသူတွေကို Sandbox အစီအစဉ်၊ Test and Go စနစ်တွေလုပ်ပြီး ထိုင်းအစိုးရက နိုဝင်ဘာမှာ နိုင်ငံတကာ ဧည့်သည်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်က ဧည့်သည်တွေကို သီးခြားခွဲ ကွာရန်တင်းဝင်စရာမလိုပဲ ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်မယ်လို့ ကြိုတင် အသိပေးထားသူ ၂ သိန်းလောက်ရှိပါတယ်။

'' လက်ခံထားပြီးသားလူတွေကိုတော့သူတို့ဆက်လက်ခံမယ်ပေါ့ ။ ဒါပေမယ့် အားလုံးပေါင်း ၂သိန်းလောက်လက်ခံမယ် ။ အခုက ၉သောင်းကျော်လောက်ရောက်နေပြီးပြီလာဖို့စီစဉ်ထားတဲ့ စာရင်းတင်ထားတဲ့လူတွေကအဲဒီလောက်ရှိတယ်ပြောတာ။ သူတို့နိုင်ငံက ခရီးသွားလုပ်ငန်းကိုစဖွင့်တဲ့ နိုဝင်ဘာလ၁ရက်နေ့စပြီး ဖွင့်တယ်လို့ပြောလို့ရတယ်''

ထိုင်းနိုင်ငံရဲ့ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်းကူးစက်မူတွေမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေ သိန်းဂဏန်းနဲ့ ကူးစက်မူတွေဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်လောက်အတွင်းမှာ စက်ရုံတွေပိတ်ပစ်တာ အလုပ်တွေ ရပ်နားရတာတွေ လုပ်သားလျော့ချမူ့ပြသနာတွေ နယ်မြေတခုကနေ တခုကို သွားလာဖို့ ကန့်သတ်ခံရတာတွေကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတဲ့ အခက်အခဲတွေကို အခုထိကြုံနေရဆဲဖြစ်ပါတယ်။ အခုဗီဇပြောင်းကိုဗစ်ရောဂါအသစ် Omicron ကြောင့် အလုပ်တွေ ပြန်ရပ်နားခံရမှာကို စိုးရိမ်မိတယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

'' လုပ်ငန်းခွင်နဲ့ ပတ်သက်တာ ရွေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တာက အခုမှ ခရီးသွားလုပ်ငန်းကို အခုမှ နလံထူရုံပဲရှိသေးတယ်။ အလုပ်တွေလည်းပြန်ခေါ်နေတယ်။ စားသောက်ဆိုင်တို့ ဟိုတယ်လုပ်ငန်းတို့ သန့်ရှင်းရေးတို့ လုပ်ငန်းတွေမှာကျနော် မြန်မာတွေအတော်များများကိုပြန်ခေါ်နေပြီ။ကျနော်တို့လည်းစိုရိမ်တာက ဒါတွေဖြစ်သွားလို့ရပ်သွားမှာကို စိုးရိမ်တယ်။ ရပ်သွားရင်တော့ပြည်သူတွေထိခိုက်မှာကိုစိုးရိမ်တယ်''

ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှာ Omicron ကိုဗစ်ပိုးသစ်ကူးစက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။
ကပ်ရောဂါပိုးသစ်နဲ့ပါတ်သက်လို့ လေ့လာနေချိန် ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးထိုးကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်ရှင်။

.......................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}









XS
SM
MD
LG