သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၆ ဦးပါဝင်တဲ့ ငါးဖမ်းလှေနစ်မြုပ် ထိုင်းရေတပ်က ကယ်တင်ခဲ့


ထိုင်းနိုင်ငံတောင်ပိုင်း ကူရဘူရီခရိုင်နဲ့ ရနောင်းခရိုင်အတွင်းက မြန်မာရေလုပ်သားတွေလိုက်ပါလာတဲ့ ဝါးလတ် အမျိုးအစား ငါးဖမ်းလှေ ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်ခဲ့ရာနေရာ။ (သြဂုတ်လ ၁၂၊ ၂၀၂၄)
ထိုင်းနိုင်ငံတောင်ပိုင်း ကူရဘူရီခရိုင်နဲ့ ရနောင်းခရိုင်အတွင်းက မြန်မာရေလုပ်သားတွေလိုက်ပါလာတဲ့ ဝါးလတ် အမျိုးအစား ငါးဖမ်းလှေ ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်ခဲ့ရာနေရာ။ (သြဂုတ်လ ၁၂၊ ၂၀၂၄)

မြန်မာ ၆ ဦးပါဝင်တဲ့ ငါးဖမ်းလှေတစင်းဟာ ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင်ထဲနစ်မြုပ်ခဲ့လို့ ထိုင်းရေတပ်က ကယ်တင်ခဲ့ပြီး လှေပေါ်ပါလာသူအားလုံး အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကူရဘူရီခရိုင်နဲ့ ရနောင်းခရိုင်အတွင်းက မြန်မာရေလုပ်သားတွေလိုက်ပါလာတဲ့ ဝါးလတ် အမျိုးအစား ငါးဖမ်းလှေဟာ ဩဂုတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ဖူးခက်ခရိုင်ရေပိုင်နက်ထဲမှာ နစ်မြုပ် သွားခဲ့တာပါ။ ငါးဖမ်းလှေဟာ ဖန်းငခရိုင်ထဲကလှေဖြစ်ပြီး မြန်မာတွေ ၆ ယောက်ပါဝင်တယ်လို့ဆိုပါတယ်။ ကနဦးသတင်းအရ သူတို့ကို ထိုင်းရေတပ်ကကယ်ဆယ်နိုင်ခဲ့တာကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့တယ်လို့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ထဲမှာအခြေစိုက်ထားတဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကအခုလိုပြောပါတယ်။

“ငါးဖမ်းလှေနစ်တာ။ နစ်တော့ မြန်မာတွေပါတာပေါ့နော်။ ဘယ်သူမှတော့ အသက်အန္တရာယ်တော့ မဖြစ်ကြ ဘူး။ လှေထွက်တော့ ပင်လယ်အ၀မှာမှောက်တာပါ။ ပင်လယ်ထဲကိုမထွက်ခင် ပင်လယ်အ၀မှာ ဖြစ်တာပါ။ ဖူးခက်ရေပိုင်နက်ထဲမှာဖြစ်တာပါ။ လှေကတော့ ဝါးလတ်လှေဖြစ်တယ်။ အထဲမှာ ကနဦးသတင်းအရ မြန်မာ ၈ ယောက်နဲ့ ထိုင်း ၂ ယောက်ပါတယ်။”

ငါးဖမ်းစက်လှေဟာ လှိုင်းလေပြင်းထန်ပြီး ရာသီဥတုဆိုးဝါးနေရာကနေ လှေဝမ်းဗိုက်အတွင်း ရေစိမ့်ဝင်ရာကနေ နစ်မြုပ်သွားတာလို့လည်း အမှတ် (၃) ရေတပ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရေတပ်ရဲ့ထုတ်ပြန်ချက်အရ မြန်မာ ၆ ဦးပါတယ်လို့ဆိုပါတယ်။ ပင်လယ်၀မှာနစ်မြုပ်ခဲ့တဲ့လှေကို တခြားလှေက ကယ်ဆယ်ခဲ့တာကြောင့် အသက်ဘေးကတော့လွတ်ပေမယ့် ဆေးရုံကိုပို့ပြီး ကုသမှုခံယူနေကြရတယ်လို့လည်း ဆိုပါတယ်။

“နည်းနည်းပါးပါးတော့ဒဏ်ရာရတာရှိတယ်။ နီးစပ်ရာဆေးရုံမှာ ကျန်းမာရေးစစ်ဆေးတာ၊ လိုအပ်တဲ့ကုသမှုတွေ လုပ်တာတော့ရှိပါတယ်။”

လှေတွေက အိုဟောင်းနေတာတွေကြောင့် လှေအတော်များများမှာ လှေဝမ်းဗိုက်ပေါက်တာတွေ၊ ရေယိုစိမ့်နေတာတွေ မကြာခဏ ကြုံနေရတယ်လို့လည်း လှေထိုးသားတွေကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG