သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူထဲပိတ်မိနေတဲ့ ကလေးတွေအတွက် အန္တရာယ်များတဲ့ ထွက်လမ်း


ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုင်ဂူအတွင်းမှာ ပိတ်မိနေကြတဲ့ လူငယ်၁၃ဦးကို ကယ်ထုတ်ရေးနဲ့ပတ်သက်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက အပူတပြင်းစီစဉ်နေကြတယ်ဆိုပေမဲ့လည်း ဘယ်နည်းလမ်းကအကောင်းဆုံးဖြစ်မလဲဆိုတာကို မဆုံးဖြတ်နိုင် ကြသေးပါဘူး။ မိုးတွေအပြင်းအထန်ရွာတတ်တဲ့ မုတ်သုန်ရာသီဖြစ်နေတာကြောင့်လည်း ရာသီဥတုက ကိုယ့်ဘက်မှာမရှိ တဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေနဲ့ လက်ရှိကြုံနေရတဲ့အခက်အခဲတွေအကြောင်း ကိုကျော် အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ပျောက်ဆုံးနေပြီးဆယ်ရက်အကြာ တနင်္လာနေ့က ပြန်ရှာတွေ့ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးသမား၁၂ဦးနဲ့ နည်းပြတဦးတို့ကို ပိတ်မိနေတဲ့ ဂူထဲကနေ ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာနဲ့ပတ်သက်တဲ့ နည်းလမ်းရှာဖွေမှုတွေကို ကယ်ဆယ်ရေး သမားတွေနဲ့ ကျွမ်းကျင်သူတွေ အကြီးအကျယ်ခေါင်းချင်းရိုက်ပြီး ဆွေးနွေးနေကြရတုန်းပါ။ လောလောဆယ်တော့ လွတ် မြောက်နိုင်တဲ့နည်းလမ်းတခုဖြစ်တဲ့ ရေငုပ်ပြီးဂူထဲကနေပြန်ထွက်နိုင်ဖို့ ပိတ်မိနေသူ ၁၃ဦးလုံးကို ရေငုပ်သင်တန်းတွေ ပေးထားပါပြီ။ ရေငုပ်ဝတ်စုံတွေလည်း ပေးထားပါပြီ။ ဒီလှိုင်ဂူထဲက ပိတ်မိနေသူတွေဆီကို တခြားနေရာကနေ ဘယ်လိုဝင် လို့ရနိုင်မလဲဆိုတဲ့ လမ်းကြောင်းကိုလည်းကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိ အကောင်းဆုံး နည်းလမ်းက ဘာလဲဆိုတာကို မဆုံးဖြတ်နိုင်သေးပါဘူး။ ဂူထဲမှာဝင်နေတဲ့ရေတွေကိုလည်း မနားတမ်းစုတ် ထုတ်နေတာ တနာရီကို တစ်စင်တီမီတာလောက်ပဲလျှော့နေပါတယ်။ သြစတေးလျှနိုင်ငံ New South Wales ဂူတွင်းပိတ်မိသူများ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Alan Warild က လောလောဆယ်မှာတော့ အကောင်းဆုံးလမ်း ကြောင်းဆိုတာမရှိသေးဘူးလို့ဗီအိုအေကိုပြောပါတယ်။

"အကောင်းဆုံးလမ်းကြောင်း မရှိသေးပါဘူး။ တခြားဝင်ပေါက်တခုကနေ ဂူထဲကိုဝင်မယ်ဆိုတဲ့ကိစ္စကလည်း ဘယ်ကနေ ဝင်မလဲဆိုတဲ့လမ်းကြောင်းကို ရှာမတွေ့သေးပါဘူး။ အဲဒါကြောင့် ဂူထဲကိုဝင်ဖို့ ဘယ်လမ်းကြောင်းက အကောင်းဆုံးဖြစ် မယ်ဆိုတဲ့ အာမခံချက် ဒါမှမဟုတ် လမ်းညွှန်ချက်မရှိသေးပါဘူး။ ဂူထဲကိုဝင်နိုင်မယ့်အပေါက်တခုထပ်ဖေါက်ဖို့ဆိုတာက လည်း အချိန်တော်တော်ကြာပါလိမ့်မယ်"

ပိတ်မိနေသူတွေရှိတဲ့နေရာကိုရောက်အောင် ရေငုပ်သမားတွေက အချိန်၆နာရီကြာအောင်သွားရပြီး အပြန်ခရီးက ၅နာရီ ကြာပါတယ်။ ဂူပေါက်ဝနေ သူတို့ရှိတဲ့နေရာက ၂မိုင်ခွဲလောက်ဝေးတာပါ။ နောက်ကျိနေတဲ့ရေတွေနဲ့အမှောင်ထဲမှာ ရေငုပ်သွားရမယ့်အဖြစ်က ကလေးတွေ အတွက် ကြောက်စရာကောင်းလိမ့်မယ်လို့ Alan Warild ကဆက်ပြောပါတယ်။

"အမှောင်ထဲမှာဖြစ်နေတာက ကြောက်စရာကောင်းပြီး ရွှံ့ရေတွေကလည်းရှိနေတာကြောင့် ဘာမှမြင်ရမှာ မဟုတ်ပါဘူး။ အဲဒီအခြေအနေတွေက ကလေးတွေအတွက် အခက်ဆုံးအခြေအနေဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေတွေထဲမှာ တည် တည်ငြိမ်ငြိမ်ရှိနေနိုင်မှ သူတို့ကိုအပြင်ရောက်အောင် ကယ်ထုတ်နိုင်မှာပါ။"

ပိတ်မိနေသူတွေကယ်ထုတ်ရေးမှာ မခန့်မှန်းနိုင်တဲ့အခက်အခဲတွေတော်တော်များများရှိနေပြီး အဲဒီအထဲမှာ လောလော ဆယ်ကြုံနေရတာကတော့ မိုးပါ။ မုတ်သုန်မိုးရာသီဖြစ်လို့ မိုးတွေသဲသဲမဲမဲရွာတတ်ပြီး ရေတွေဂူထဲကို အများအပြားထပ် ဝင်လာ မယ့်ပြဿနာက တော်တော်စိုးရိမ်ရပါတယ်။အခုစနေတနင်္ဂနွေမှာကိုပဲ မိုးသည်းထန်စွာရွာမယ်ဆိုတဲ့မိုးလေဝသ ခန့်မှန်း ချက်တွေထွက်နေတာပါ။ ရေငုပ်ပြီးပြန်ထွက်ဖို့ဆုံးဖြတ်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကိုချဖို့ အချိန်သိပ်ရှိတော့ဘူးလို့ လည်း သြစတေးလျှနိုင်ငံ New South Wales ဂူတွင်းပိတ်မိသူများ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Alan Warild က ပြောပါတယ်။

"လာမယ့်တနင်္ဂနွေနေ့မှာ မိုးတွေအပြင်းအထန်ရွာမယ်လို့ဆိုတာကြောင့် ဆုံးဖြတ်ချက်ကိုချပြီးလုပ်ဖို့ဆိုရင် အချိန်သိပ်ရမှာ မဟုတ်တော့ပါဘူး။ ဂူထဲမှာနေရာတော်တော်များများက ရေတွေပြည့်နေတဲ့ကိစ္စက ပြဿနာလို့ ကျနော်ထင်ပါတယ်။ ရေ တွေက လှိုင်ဂူမျက်နှာကျက်အထိရောက်အောင် ဆိုးဆိုးဝါးဝါးရှိနေတာပါ။ ပြန်လာတဲ့လမ်းရဲ့တဝက်လောက်ရောက်မှပဲ စိတ်ချလက်ချ နားလို့ရနိုင်မယ့်နေရာတခုကိုရှာတွေ့လိမ့်မယ်လို့ထင်ပါတယ်။"

အမေရိကန်၊ သြစတေးလျှ၊ ဗြိတိန်နဲ့ တရုတ်နိုင်ငံတွေအပါအဝင် နိုင်ငံတကာ က ရေငုပ်သမားတွေလည်း ကယ်ဆယ်ရေး မှာ ပါဝင်နေကြပါတယ်။ ပိတ်မိသူတွေကို ကယ်တင်ရေးမှာ စိုးရိမ်ရတဲ့ကိစ္စတွေထဲက တခုကတော့ ပိတ်မိနေသူတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ဓါတ် ကြံ့ခိုင်ရေးပါ။ လောလောဆယ် ထိုင်းရေတပ်က ဆေးဝန်ထမ်းတွေ ကလေးတွေအတူရှိနေပြီး ကလေးတွေရဲ့ ကျန်းမာ ရေးအခြေအနေကောင်းတယ်လို့ဆိုပါတယ်။ လှိုင်ဂူအတွင်းမှာပိတ်မိပြီး ပြန်ထွက်လာနိုင်ခဲ့ကြတဲ့ နိုင်ငံတကာက အတွေ့အကြုံရှိသူတွေကလည်း ထိုင်းနိုင်ငံ Tham Luang ဂူထဲက လူငယ်တွေကို စိတ်ဓါတ်မကျဖို့ဝိုင်းပြီး အားပေးနေပါတယ်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့၂၀၁၀ခုနှစ်က ချီလီနိုင်ငံမိုင်းတွင်းထဲမှာ ၆၉ရက်ကြာပိတ်မိနေခဲ့တဲ့သူတွေထဲက ဆူပါ မာရီယိုလို့ သူသိများတဲ့ Mario Sepulveda က စပိန်ဘာသာနဲ့ Mucha Fuerzaလို့ ဗီဒီယိုကတဆင့် အားပေးစကား ပြောလိုက်ပါတယ်။ မြန်မာလိုဆိုရင်တော့ “အားတင်းထားကြ၊ တောင့်ထားကြ” လို့အဓိပ္ပါယ်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG