သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ပြည်ဝင်ခွင့်ဗီဇာအပြောင်းအလဲနဲ့ မြန်မာတွေအပေါ် သက်ရောက်မှု


ဘန်ကောက်မြို့ အဆောက်အဦများ
ဘန်ကောက်မြို့ အဆောက်အဦများ

ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့အတွက် ရည်ရွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာ အခွင့်အရေးပိုပေးမဲ့ အစီအစဉ်သစ်ကြောင့် မြန်မာနိုင်ငံသားတွေလည်း ပိုအကျိုးရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ထိုင်း ဗီဇာ သက်တမ်းတိုးပေးတာအပြင် လျှောက်ဖို့လိုအပ်တဲ့ အချက်အလက်တွေကို လျှော့ပေးတာတွေပါဝင်တဲ့ ဒီအစီအစဉ်သစ်ဟာ ဇွန်လ ၁ ရက်၊ စနေနေ့မှာ စစတင် အသက်ဝင်မယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ ထိုင်းအစိုးရ မေလ ၂၈ ရက်နေ့မှာ အခုလိုဆုံးဖြတ်တာကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ မတည်မငြိမ်မှုတွေကနေ လာရှောင်သူတွေ၊ ကျောင်းလာတက်သူတွေနဲ့ ပင်ဆင် ဗီဇာလျှောက်သူတွေအတွက် အထောက်အကူပြုနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက စုစည်း တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားခရီးသွား ပိုမိုဆွဲဆောင်နိုင်ဖို့ ဒီ ဗီဇာ အခွင့်အရေးပေးတာမှာ၊ ဗီဇာမလျှောက်ဘဲဝင်နိုင်တာ၊ ဆိုက်ရောက်ဗီဇာလျှောက်နိုင်တာ၊ ကျောင်းတက်သူနေထိုင်ခွင့်ကာလ၊ ပင်ဆင်စားဗီဇာလျှောက်လိုအပ်ချက်လျော့ပေးတာတွေကို တိုးမြှင့်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်သစ်ကြောင့် မြန်မာအပေါ် သက်ရောက်နိုင်တာကို မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားကော်မတီ ဒါရိုက်တာ ဦးမြင့်ဝေက အခုလို Text ထောက်ပြပါတယ်။

"သက်ရောက်မှုကတော့ တချို့ပညာရေးဗီဇာတွေဘာတွေ တင်နေတာတွေ အဆင်မပြေတဲ့သူတွေပေါ့နော်၊ အဲဒါမျိုးတွေက ကုန်ကျစရိတ်တွေကော နောက်အခုက ကျောင်းတွေက အများကြီးပေါ်နေတယ် ဒါပေမဲ့ ဗီဇာကိစ္စတွေက တင်းကျပ်မှုတွေရှိတော့ အခက်အခဲတွေရှိတာပေါ့နော်။ အခုအဲလိုမျိုး ဗီဇာကိုပေးထားပြီးတော့မှ နောက်ဗီဇာကင်းလွတ်ခွင့်ပေးတဲ့အတွက် ကျွန်တော်တို့မှာ ငွေကြေးပြေလည်ပြီးတော့လာတဲ့သူရှိတယ်။ မပြေလည်ပဲနဲ့လာတဲ့သူရှိတာပေါ့နော်။ သိပ်မပြေလည်တဲ့သူတွေ လာရတဲ့အချိန် ဒီမှာဗီဇာရအောင်ကြိုးစားတဲ့အချိန်တော့ ကုန်ကျစရိတ်သက်သာတာပေါ့ဗျာ "

ဗီဇာမလျှောက်ဘဲ ဝင်နိုင်တဲ့ နိုင်ငံ အရင် ၅၇ နိုင်ငံကနေ အခု ၉၃ နိုင်ငံအထိ ၃၆ နိုင်ငံတိုးမြှင့်ပေးလိုက်တာမှာ ကမ္ဘောဒီးယား၊ တရုတ်နဲ့ အိန္ဒိယတို့လည်း ပါပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့တော့ ဗီဇာမလျှောက်ဘဲ လာရောက်နေထိုင်ခွင့် ၁၄ ရက်သာ ရှိချိန်မှာ၊ အရင် ဗီဇာမဲ့ ရက် ၃၀ နေထိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေကိုတော့ ရက် ၆၀ အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ အခုဗီဇာအခွင့်အရေးသစ်အောက် မြန်မာက နောက်ထပ် အကျိုးရှိနိုင်ပုံကိုလည်း အမည်မဖော်လိုတဲ့ သတင်းဆရာတဦးက အခုလို ရှင်းပြပါတယ်။

"ကျောင်းဗီဇာနဲ့၊ Tourဗီဇာနဲ့ တက္ကသိုလ်ကျောင်းမဟုတ်ပေမဲ့ တခြားသော ဘာသာစကားသင်တဲ့ ယဉ်ကျေးမှုလေ့လာတဲ့သင်တဲ့ ကျောင်းဗီဇာနဲ့နေတဲ့ မြန်မာတွေလည်းအများကြီးရှိတယ် သောင်းဂဏန်း သိန်းဂဏန်း လောက်တောင် ရောက်ကောင်းရောက်နိုင်တယ်။ အခုလိုထိုင်းက မူဝါဒဖြေလျှော့လိုက်တဲ့အပိုင်းမှာတော့ မြန်မာနိုင်ငံသားတွေအတွက်လည်း ကျောင်းတို့ ဘာသာစကားသင်တဲ့ ယဉ်ကျေးမှုသင်တဲ့ဒီလိုမျိုးဗီဇာနဲ့နေတဲ့သူတွေအတွက် နည်းနည်းလေး အခွင့်အရေးပိုရမယ်ပေါ့နော်။ သို့ပေမဲ့လည်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့တော့ တိုက်ရိုက်တော့မဆိုင်ဘူး။ တခြားသောဗီဇာအမျိုးအစားတွေအတွက်တော့ တခြားသောမြန်မာတွေလည်း အကျိုးသက်ရောက်မှုကို ခံစားရလိမ့်မယ်လို့ မြင်ပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံထဲ မတည်မငြိမ်မှုတွေကနေ ခေတ္တရှောင်လာသူတွေအတွက်လည်း အကျိုးရှိနိုင်ပုံကို ဦးမြင့်ဝေက အခုလို ဆက်ထောက်ပြပါတယ်။

"အခုက မြန်မာနိုင်ငံကနေပြီးတော့ စစ်မှုထမ်းရမှာကြောက်လို့ ထွက်ပြေးလာတဲ့ ဘဝတွေနဲ့ဆိုတော့ဗျာ အဲဒါကအတော်အခြေအနေဆိုးတယ်လေ။ အခုပေးတဲ့ ဗီဇာသက်တမ်းတိုးပေးတာတို့ ဖရီးပေးတဲ့ဗီဇာတို့ ဘာညာ အဲဒါတွေသက်တမ်းတိုးလာတဲ့အတွက် မြန်မာပြည်က ရှောင်တိမ်းလာမယ်တို့ တရားဝင်လမ်းကြောင်းကနေရှောင်တိမ်းလာမယ့် သူတွေအတွက် ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်လို့ ထင်တယ်လေ"

နောက် ပင်ဆင်စားဗီဇာလျှောက်သူတွေအနေနဲ့တော့ အရင် ဘတ်သန်း ၃ သန်းစာ ကျန်းမာရေး အာမခံပြခဲ့ရတာကနေ၊ အခု ဘတ် ၄ သိန်း ၄ သောင်းစာပဲ ပြဖို့ လိုပါတော့တယ်။ နောက်ထပ် မြန်မာနိုင်ငံကလူတွေတွေ အကျိုးရှိနိုင်ပုံကိုလည်း သတင်းဆရာက အခုလို ဆက်ရှင်းပြပါတယ်။

"ထိုင်းတက္ကသိုလ်ကျောင်းက ကျောင်းပြီးရင် နောက်တနှစ် ဗီဇာနဲ့နေချင်တယ်ဆိုရင် ဆက်နေခွင့်ရှိတယ်ပေါ့ အကယ်၍ အဲလိုမဟုတ်ခဲ့ရင် တနှစ်ကို ဒီမှာနေဖို့အတွက် ဗီဇာတို့ဘာတို့လုပ်ရတဲ့ဟာမျိုးမှာ အနည်းဆုံး ဘတ် ၃ ၄ ၅ သောင်းလောက်၊ တခါတလေ ၆ သောင်းလောက်အထိကုန်ကျကြတာတွေရှိတယ်။ အဲဒီလိုမျိုးဗီဇာကြေးတွေသက်သာတာပေါ့နော်။ ဒါကတော့ လောလောဆယ် ရှင်းရှင်းလင်းလင်းသိရတဲ့အပိုင်းပေါ့နော်။ အလည်အပတ်ဗီဇာနဲ့လာတဲ့အခါမှထပ်ပြီးတော့ extend လုပ်တဲ့အထဲမှာမြန်မာနိုင်ငံပါတယ်မပါတယ်တော့ အသေးစိတ်တွေတော့ မသိရသေးဘူး။ နောက်တခုကတော့ အသက် ၅၀ ကျော် ဒီမှာ retired (အငြိမ်းစား) ဗီဇာဆိုတဲ့ဟာမျိုးနဲ့ နေထိုင်ကြတဲ့သူတွေ တချို့လည်းရှိပေါ့နော်။ အဲဒါမျိုးမှာလည်း ဖြေလျှော့မှုရှိတယ်ဆိုတော့ လုပ်ရတာလွယ်ကူတယ်။ ကုန်ကျစရိတ်တွေလျော့လာမယ်လို့ ထင်ပါတယ်"

တကယ်တော့ အာဏာသိမ်းအပြီး မြန်မာကနေ ထိုင်းကို ဝင်ရောက်သူ သိန်းချီများလာနိုင်တယ်လို့လည်း ခန့်မှန်းထားချိန်မှာ၊ ထိုင်နိုင်ငံတွင်း ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးထဲမှာ ပါဝင်နေပြီး မြန်မာက တရုတ်ပြီးရင် ရုရှားကိုကျော်ပြီး ဒုတိယလိုက်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG