သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း လိင်တူလက်ထပ်ခွင့်ဥပဒေအတည်ဖြစ်မှု မြန်မာ LGBTQ+ အသိုက်အဝန်းကြိုဆို 


ထိုင်းအထက်လွှတ်တော်က လိင်တူလက်ထပ်ထိမ်းမြားခွင့်အတည်ပြုပေးလိုက်ပြီးတဲ့နောက် ထောက်ခံသူတဦးက ထိုင်းလွှတ်တော်ရှေ့မှာ အောင်ပွဲဲခံနေစဥ်။ (ဇွန် ၁၈၊ ၂၀၂၄)
ထိုင်းအထက်လွှတ်တော်က လိင်တူလက်ထပ်ထိမ်းမြားခွင့်အတည်ပြုပေးလိုက်ပြီးတဲ့နောက် ထောက်ခံသူတဦးက ထိုင်းလွှတ်တော်ရှေ့မှာ အောင်ပွဲဲခံနေစဥ်။ (ဇွန် ၁၈၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ လိင်တူစုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့်ဥပဒေကြမ်းကို အင်္ဂါနေ့က ထိုင်း အထက်လွှတ်တော်မှာ တခဲနက် အတည်ပြုလိုက်ပါတယ်။ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ LGBTQ+ တွေ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေးတန်းတူရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဒီဥပဒေအတည်ပြုလိုက်တာကို မြန်မာ LGBTQ+ အသိုင်းအဝန်းတွေနဲ့ လူ့အခွင့်အ‌ရေးသူတွေကလည်း ဝမ်းသာ ကြိုဆိုကြပေမယ့် တကယ့်လက်တွေ့ ကျင့်သုံးကြတဲ့အခါ အခက်အခဲတွေ ကြုံတွေ့နိုင်ကြသေးတယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ လိုင်တူစုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့်ဥပဒေကြမ်းကို ဇွန်လ ၁၈ အင်္ဂါနေ့က ထိုင်းအထက်လွှတ်တော်မှာ တခဲနက် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို မတ်လကုန်ကတည်းက ထိုင်းအောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးတော့ အခု အထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ထိုင်းဘုရင်မင်းမြတ် လက်မှတ်ရေးထိုးပြီးရင် ရက်ပေါင်း ၁၂၀ အတွင်းမှာ ဥပဒေအဖြစ် စတင် အသက်ဝင်ပါလိမ့်မယ်။

ဒီဥပဒေရဲ့ သိသာထင်ရှားတဲ့အကျိုးဆက်ကတော့ ခွဲခြားဆက်ဆံမှုကင်းပြီး လူသားအားလုံး သာတူညီမျှဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်တာဖြစ်တယ်လို့ LGBTQ+ အခွင့်အရေး လှုပ်ရှားသူ Kitz က ခုလိုပြောပါတယ်‌။

“ချက်ချင်းသိသာတာကတော့ ဒီလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အရာပေါ့နော်။ အဓိကက ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘူး။ ပြီးတော့ လူသားအားလုံးက သာတူညီမျှဖြစ်တယ်ဆိုတဲ့ အရာတွေ ဒီဥစ္စာမျိုးတွေပေါ့။ နောက်တခုကကျတော့ LGBTQ+ အုပ်စုတွေရဲ့ လူ့အဖွဲ့အစည်းမှာပါဝင်လာနိုင်မှု ပိုပြီးတော့ ကျယ်ပြန့်သွားတယ်လို့မြင်ရတယ်ပေါ့နော်။ နောက်တခုက ဒါနဲ့ပတ်သက်လို့ရှိရင် ဥပဒေအရရော၊ စီးပွားရေးအရရော အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ မြင်တယ်။ ပထမတခုကတော့ ဒီအမွေဆက်ခံတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းမှာ မတူညီတဲ့အမွေဆက်ခံတဲ့ပုံစံတွေ ရှိတယ်။ ဒီမှာ ဆိုလို့ရှိရင် လိင်တူထိမ်းမြားခွင့်ရဲ့နောက်မှာဆိုလို့ရှိရင် သားသမီးတွေထွန်းကားတဲ့ကိစ္စတွေလည်း ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ အဲ့အတွက်လည်း အပြောင်းအလဲတွေ ရှိလာမယ်လို့မြင်တယ်။ နောက်တခုကကျတော့ အခွန်အခတွေနဲ့ ပတ်သက်ပြီးလို့ ရှိရင် ခံစားပိုင်ခွင့်တွေလည်း ပြောင်းလဲလာမယ်လို့မြင်တယ်။”

ဆယ်စုနှစ်တခုကျော်ရေးဆွဲခဲ့တဲ့ LGBTQ+ လိင်တမူကွဲ၊ လိင်တူစုံမက်သူချင်း တရားဝင်လက်ထပ်ထိမ်းမြားနိုင်မယ့်ဥပဒေကြမ်းကို ထိုင်းနိုင်ငံက အဓိက ပါတီကြီးတွေအားလုံးက ထောက်ခံထားတာပါ။ လိင်တူစုံမက်သူတွေဟာ တခြား အမျိုးသား အမျိုးသမီး လက်ထပ်တဲ့ အိမ်ထောင်ဘက်တွေလို နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်တွေ၊ ကလေးမွေးစားခွင့်နဲ့ အမွေဆက်ခံပိုင်ခွင့်တွေ တန်းတူရရှိဖို့ ဥပဒေအရ အာမခံထားပါတယ်။

ဒီဥပဒေ တရားဝင်ဖြစ်ပြီးလို့ စတင်ကျင့်သုံးကြတဲ့အခါမှာ အခက်အခဲတချို့လည်းရှိနိုင်တယ်လို့ LGBTQ+ အခွင့်အရေး လှုပ်ရှားသူ Kitz က သူ့ရဲ့ အမြင်ကို ခုလိုပြောပါတယ်။

“တချို့ risk တွေ ရှိတယ်ပေါ့နော်။ ဘယ်လို အရာမျိုးတွေလဲဆိုတော့ အဓိက,က ဘာသာရေးအတိုက်အခံတွေ ရှိနိုင်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ အခုလည်း သိရသလောက်က သူတို့အတည်ပြုတဲ့အ့ချိန်မှာ ထောက်ခံမဲက ၁၃၀ ပေါ့နော်၊ ကန့်ကွက် ၄ မဲရှိတယ်။ ကြားနေ ၁၈ မဲ ရှိတယ်ဆိုတော့ အဲ့ဒီမှာက ဒါက လွတ်တော်ထဲမှာရှိတဲ့လူတစုရဲ့ လူ ၁၅၀၊ ၂၀၀ ဝန်းကျင်မှာရှိတဲ့ လူတစုရဲ့သဘောထားမှာတောင် ဒီလိုမျိုး မြင်ရတယ်ဆိုရင် တခြားသော ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မတူညီတဲ့ community တွေ၊ မတူညီတဲ့အဖွဲ့အစည်း အုပ်စုတွေရဲ့ ကြားထဲမှာလည်း ကွဲပြားမှုတွေရှိမယ်ဆိုတာတော့ မြင်ရတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း အတိုက်အခံ လုပ်ကြမယ့် ပုံစံတွေလည်း မြင်တယ်လို့ ပြောရမှာပေါ့နော်။ နောက်တခုက တခြားကြီးမားတဲ့ risk ရှိမယ်လို့တော့ မမြင်ဘူး။ ဒါပေမယ့် တကယ့် ဥပဒေကိုကျင့်သုံးပြီးတော့ တကယ်လုပ်ပြီဆိုတဲ့အချိန်မှာတော့ အခက်အခဲတွေ အများကြီး ရှိနေအုံးမယ်လို့တော့ မြင်တယ်ပေါ့နော်။”

ထိုင်းနိုင်ငံမှာလည်း LGBTQ+ တွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေရှိတယ်ဆိုပေမယ့် မြန်မာနိုင်ငံနဲ့ယှဉ်ရင် အတော်ကိုနည်းတာတွေ့ရပြီး ဒီလို လိင်တူလက်ထပ်ထိမ်းမြား ဥပဒေကို အတည်ပြုနိုင်တာအတွက် ဝမ်းသာကြောင်း LGBTQ+အရေး တက်ကြွလှုပ်ရှားသူ မမြတ်နိုးဖြူက ပြောပါတယ်။

ဒီကနေ့ အတည်ပြုလိုက်တဲ့ လိင်တူချင်း တရားဥပဒေအရ လက်ထပ်ထိမ်းမြားခွင့်ဥပဒေဟာ ထိုင်းနိုင်ငံသားတွေအပေါ်မှာသာ သီးသန့်သက်ရောက်မှုရှိမလား၊ ဒါမှမဟုတ် ထိုင်းနိုင်ငံတွင်းမှာရှိနေတဲ့ နိုင်ငံခြားသား၊ ထိုင်းနိုင်ငံသားနဲ့ လက်ထပ်ထိမ်းမြားမယ့် နိုင်ငံခြားသား စသဖြင့် ဧည့်နိုင်ငံသားတွေအပေါ်မှာရော ဘယ်လို မူဝါဒတွေ ရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ မမြတ်နိုးဖြူက ပြောပါတယ်။

“ LGBTတွေ- တော်လှန်ရေးကြောင့်ပေါ့နော် ထွက်ပြေးတိမ်းရှောင်လာရသူတွေကလည်း ဒီနိုင်ငံထဲမှာ ခိုလှုံနေရတာမျိုးရှိတယ်ပေါ့နော်။ အဲ့တော့ legal document နဲ့ တရားဝင်နေတဲ့သူရှိသလို တရားမဝင်နေတဲ့သူတွေလည်း ရှိတယ်ပေါ့။ အဲ့တော့ တရားမဝင် အလုပ်သမားမျိုး၊ ဒါမှမဟုတ် ကျောင်းလာတက်တဲ့သူမျိုးပေါ့ စသဖြင့်ပေါ့၊ ဒါမျိုး ဒီမှာ နေနေတဲ့သူတွေ ရှိကြတယ်ပေါ့။ ဆိုတော့ ဒီဥပဒေဟာ သူ့နိုင်ငံထဲမှာရှိနေတဲ့ သူ့နိုင်ငံသားတွေကိုပဲ အကျိုးပြုတဲ့ဟာမျိုး ဖြစ်မှာလား၊ သူ့နိုင်ငံသားတွေကိုပဲ လက်ခံမှာလား။ ဧည့်နိုင်ငံသားတွေကကော ဘယ်လိုမျိုး ဒီအခွင့်အရေးကို ရရှိမလဲ၊ ပြီးရင် ဧည့်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားနဲ့ same sex marrage လုပ်တဲ့အခါကျရင်ကော တဘက်က နိုင်ငံခြားသားပေါ်မှာရော ဒီဥပဒေက ဘယ်လို အကျိုးပြုမလဲ၊ ဒါမှမဟုတ်လို့ရှိရင် ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ။ လက်ခံနိုင်လား လက်မခံနိုင်လား ဆိုတဲ့ဟာကို ကျမတို့ အသေးစိတ် အဲ့ဟာတွေကိုတော့ မမြင်နိုင်သေးဘူး။ ပြီးတော့ အဲ့ဒါတွေကို ကျမတို့ မလေ့လာနိုင်သေးဘူးပေါ့ လောလောဆယ်ကတော့။”

မြန်မာ LGBTတွေအတွက်လည်း တန်းတူညီမျှလက်ထပ်ခွင့်နဲ့ လူ့အခွင့်အရေးခံစားခွင့်တွေ ရသင့်ပြီး ဒီလိုရဖို့အတွက် အာဏာရှင်စနစ်ကို တော်လှန်တာနဲ့ တပါတည်း လူအခွင့်အရေးကိစ္စတွေကိုပါ ဆောင်ရွက်သွားသင့်တယ်လို့ သူ့ရဲ့အမြင်ကို မမြတ်နိုးဖြူက ခုလိုပြောပါတယ်။

“အခုအချိန်မှာ ကျမတို့ မြန်မာနိုင်ငံလည်း ရသင့်ပါတယ်ဆိုတဲ့ဟာမျိုး၊ မြန်မာနိုင်ငံလည်း ဒါမျိုးတွေရှိရင် ကောင်းမှာပဲ ဆိုတာဟာမျိုး ပြောတဲ့ခါကျရင် လူတွေရဲ့စိတ်မှာဘာဖြစ်မလဲဆိုတဲ့ခါကျတော့ တော်လှန်ရေးက အရမ်း အရေးကြီးတယ် ဆိုတဲ့ဟာမျိုးမြင်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့ တဆက်တည်း ပြန်စဉ်းစားကြည့်ရင်တော့ မှန်ပါတယ်။ တော်လှန်ရေးက အရေးကြီးတယ်။ တော်လှန်ရေးဆိုတာက ကျမတို့ စကစကိုပဲ တခုတည်းကိုပဲ တိုက်နေတာမျိုး မဟုတ်ဘူးပေါ့နော်။ ခုဏကလို မိရိုးဖလာ ရှေးရိုးစွဲအယူအဆတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ ဒါတွေအကုန်လုံးကို တိုက်နေတာမို့လို့ လူ့အခွင့်အရေးတိုက်ပွဲတွေလည်း ရှိတယ်ပေါ့နော်။ အဲ့တော့ တချိန်တည်းမှာပဲ ကျွန်မတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်တဲ့အချိန်မှာ ဒါတွေကို ကျမတို့တခါတည်း တိုက်ယူသွားတယ်ဆိုလို့ရှိရင်တော့ ဒါကျမတို့မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံကို ရရှိမှာဆိုတာကိုတော့ ကိုယ့်ရဲ့ community က လူတွေကို သိထားစေချင်တယ်ပေါ့နော်။”

ဒီဇွန်လဟာ ထိုင်းနိုင်ငံမှာ LGBTQ+တွေကို ဂုဏ်ပြုထားတဲ့ လတလဖြစ်ပါတယ်။ ဒီဇွန်လမှာပဲ လိင်တူချင်း တရားဝင် လက်ထပ်ထိမ်းမြားခွင့်ဥပဒေကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လိင်တူချင်း တရားဝင်လက်ထပ်ထိမ်းမြားခွင့်ရတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါပြီ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG