ထိုင်းအစိုးရဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံ ခရီးသွားလာရေးကဏ္ဍအတွက် ဆွဲဆောင်တဲ့အနေနဲ့ရော အလုပ်အကိုင်အခွင့်အလမ်းပိုတိုးလာစေဖို့ပါရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နေရာဒေသတချို့မှာ တရားဝင်လောင်းကစား လုပ်ငန်းလုပ်ပိုင်ခွင့်ပေးမယ့် ဥပဒေကြမ်းကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ အဆိုပြုလိုက်ပါတယ်။
အငြင်းပွားစရာ ဒီဥပဒေကြမ်းထဲမှာ ခရီးသွားတွေအလာများတဲ့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေ၊ ရေကစားဥယျာဥ်တွေလို နေရာတွေမှာ ကာစီနိုဖွင့်ခွင့်ပေးလိုက်တာပါ။ ဒီအစီအစဥ် အကောင်အထည် ပေါ်လာမယ်ဆိုရင် ခရီးသွားအရေအတွက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး အလုပ် အကိုင် ၁၅,၀၀၀ လောက် တိုးလာမှာဖြစ်တယ်လို့လည်း ထိုင်း ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Julapun Amornvivat က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ၊ အစိုးရကကျင်းပပေးတဲ့ မြင်းပြိုင်ပွဲနဲ့ ထီကိုသာ တရားဝင်အဖြစ် သတ်မှတ်ထားပေမယ့် တရားမဝင် လောင်းကစားကတော့ နေရာအနှံ့ရှိနေတာပါ။
အခုအဆိုပြုလိုက်တဲ့ လောင်းကစား ဥပဒေကြမ်းဟာ နိုင်ငံ့ဝင်ငွေပိုတိုးစေဖို့ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံ တာဖြစ်ပြီး တရားမဝင် လောင်းကစားပပျောက်ရေး ရည်ရွယ်ဆောင်ရွက်တာဖြစ်ကြောင်း ထိုင်းဝန်ကြီး ချုပ် Paetongtarn Shinawatra ကလည်း ပြောပါတယ်။ ဒီဥပဒေကြမ်းကို ပါလီမန်လွှတ်တော်မှာ လပေါင်း အတန်ကြာဆွေးနွေး အတည်မပြုခင် နိုင်ငံတော်အတိုင်ပင်ခံကောင်စီက ပြင်ဆင်တည်းဖြတ် မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ထိုင်းနိုင်ငံမှာ လောင်းကစားကို တရားဝင်ခွင့်ပြုရေး ကာလကြာရှည် ကန့်ကွက်လာကြသူ အများအပြားလည်း ရှိနေတာပါ။
ဒီလို အခြေအနေအောက်မှာပဲ အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတွေမှာ တရားမဝင် ကာစီနိုတွေ၊ အွန်လိုင်းကလိမ်လည်တဲ့ဂိုဏ်းတွေ တစတစပေါများလာပြီး အဲဒီ တရားမဝင်ဂိုဏ်းတွေ အတွက် အလုပ်လုပ်ပေးဖို့ ထိုင်းနိုင်ငံကနေတဆင့် လူမှောင်ခိုကူးတာတွေလည်း အကြီးအကျယ် ဖြစ်ပွါးနေပါတယ်။ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNODC ရဲ့ လွန်ခဲ့တဲ့နှစ်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ အရှေ့တောင်အာရှကာစီနိုတွေဟာ စနစ်တကျနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေက ငွေမည်းအမြောက်အများကို ငွေဖြူဖြစ်အောင်ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်ဆိုပြီး သတိပေးထားပါတယ်။
Forum