သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူတွင်းပိတ်မိခဲ့သူလူငယ် ၁၃ ဦး ကယ်တင်နိုင်ရေး နိုင်ငံတကာကူညီမှု ထိုင်းအစိုးရ ချီးကျူး


သြစတြေးလျ ဗဟိုရဲတပ်ဖွဲ့က ကယ်ဆယ်ရေး ကျွမ်းကျင်သူနှစဉ်းနဲ့ ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တဦး
သြစတြေးလျ ဗဟိုရဲတပ်ဖွဲ့က ကယ်ဆယ်ရေး ကျွမ်းကျင်သူနှစဉ်းနဲ့ ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တဦး

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က Tham Luang လှိုင်ဂူထဲ ပိတ်မိနေတဲ့ ၁၃ ယောက်ရဲ့ အသက်ကိုအောင်မြင်စွာ ကယ်တင်နိုင်ခဲ့တာဟာ တကမ္ဘာလုံးရဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်တယ်လို့ ထိုင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် က မနေ့ ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးခဲ့တဲ့ ထိုင်းအစိုးရကိုလည်း သြစတြေးလျအပါအဝင် နိုင်ငံတကာကလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

Tham Luang လှိုင်ဂူထဲ သတင်းနှစ်ပတ်ကျော် ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းသားလူငယ် ၁၂ ဦးနဲ့ နည်းပြဆရာ တဦးတို့ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီးနောက်တရက် ဇူလိုင်လ ၁၁ ရက်နေ့က ချင်းရိုင်မြို့မှာ ထိုင်းအာဏာပိုင်တွေ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအင်အားကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအောင်မြင်ခဲ့ကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Narongsak Osottanakorn ကသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“လှိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ၁၃ ယောက်ရဲ့ အသက်ကိုကယ်တင်ဖို့ ဆိုတဲ့ တူညီတဲ့ နောက်ဆုံးရည်မှန်းချက်နဲ့ တကမ္ဘာလုံးက ပါဝင်ဆောင်ရွက်ခဲ့တာပါ။ အားလုံးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တဲ့ အရေးကြီးဆုံးအချက်ကတော့ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းအားထုတ်ခဲ့ကြလို့ဖြစ်ပါတယ်။ ဒါဟာဘာလဲဆိုတော့ ကျနော်တို့ ဘယ်သူ့ကိုမှ နောက်ချန်မထားသင့်ဘူး ဆိုတာပါ။"

ရေတွေပြည့်နေတဲ့ ဂူထဲကနေ ကလေးတွေကို အခုလို အချိန်တိုအတွင်း ကယ်ထုတ်နိုင်ဖို့ ဖြစ်လာရတဲ့အကြောင်းအရင်းကိုလည်း သူက အခုလိုပြောပြပါတယ်။

“တကယ်တမ်းမှာ ကျနော်တို့ဟာ အသင့်တော်ဆုံးအချိန်ကို စောင့်နေခဲ့တာပါ။ ဒါပေမယ့် ဂူထဲမှာ အောက်စီဂျင်နည်းလာတဲ့အချက်က အချိန်ကို စောင့်မနေပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မဖြစ်မနေလုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ သာမန်လူတွေအနေနဲ့ အောက်စီဂျင် ၂၁% လောက်ရှိနေရင် အသက်ရှုနိုင်ပေမဲ့ အဲဒီနေ့က ဂူထဲကလေ ကို တိုင်းလိုက်ချိန်မှာ အောက်စီဂျင် ၁၅% လောက်ပဲရှိနေတာပါ။ တကယ်လို့များ အောက်စီဂျင်ဟာ ၁၂% အောက်ရောက်သွားမယ်ဆိုရင် အခြေအနေတွေ အရမ်းကို ဆိုးသွားမှာဖြစ်ပါတယ်။”

ရေထဲကနေ ငုပ်ပြီးသယ်ယူရေးမှာ ကလေးအများစုဟာ ရေကူးတတ်ကြသူတွေမဟုတ်သလို တယောက်မှ ရေငုပ်ဖူးတဲ့ အတွေ့အကြုံမရှိကြတဲ့အတွက် နိုင်ငံတကာက ရေငုပ်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းကယ်ဆယ်ရေးလုပ်ရာမှာ ကလေးတွေကို မေ့ဆေးပေးခဲ့သလားဆိုတဲ့ သတင်းထောက်အများအပြားရဲ့ မေးခွန်းကို ထိုင်းအစိုးရတာဝန်ရှိသူတွေဘက်က အတိအကျ ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါဝင်ခဲ့တဲ့ ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်ဟောင်း Chaiyananta Peeranarong ကတော့ သူတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောသွားပါတယ်။

“တကယ်တမ်းမှာ သူတို့အိပ်ပျော်နေတာပါ။ ဒါပေမဲ့ သူတို့အားလုံး သတိရှိနေပါတယ်။ ဘာကြောင့်လဲဆိုတာ ဆရာဝန်တွေက သူတို့အခြေအနေနဲ့ သွေးခုန်နှုန်းကို အဆက်မပြတ် စောင့်ကြည့်နေခဲ့တာပါ။ ဒါကလည်း သူတို့အလုပ်ပဲလေ။ ဒီအတွက်တော့ ကျနော်အနေနဲ့ ဘာမှ လုပ်စရာမလိုပါဘူး။”

အလွန်ခက်ခဲတဲ့ အခြေအနေအောက်မှာ လူ ၁၃ ယောက်လုံးရဲ့အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တာဟာ တသက်မှာတကြိမ် အလွန်ကံကောင်းတဲ့ ဖြစ်ရပ်တခုအဖြစ် ကိုယ်တိုင်ပါဝင်ပြီး ရေငုပ်ကယ်ဆယ်ခဲ့တဲ့ အမေရိကန်လေတပ် ကယ်ဆယ်ရေးကျွမ်းကျင်သူ Derek Anderson ကအခုလိုပြောပါတယ်။

“ဒီလိုကယ်ဆယ်ရေးအစီအစဉ်မျိုး တခါမှ မဖြစ်ဖူး ဘူးဆိုတာ ကမ္ဘာကသိဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ တသက်မှာ တကြိမ်သာကြုံရတဲ့ စွမ်းဆောင်မှုကြီးဖြစ်ပါတယ်။ အခုတွေ့ရတဲ့ ရလာဒ်အတိုင်း ဖြစ်လာတာဟာ ကျနော်တို့ အလွန်ကံကောင်းတယ်လို့ ပြောရမှာပါ။”

အခုလို ခက်ခဲရှုပ်ထွေးလှတဲ့ ကယ်ဆယ်ရေးမျိုးအစီအစဉ်ကို အောင်မြင်အောင် နိုင်ငံတကာရဲ့ ပါဝင်ကူညီမှုကို လက်ခံပံ့ပိုးပေးခဲ့တဲ့ ထိုင်းအစိုးရကို ချီးကျူးကြောင်း သြစတတြေးလျ ဗဟိုရဲတပ်ဖွဲ့ အာရှဆိုင်ရာအကြီးအကဲ Glen McEwen က သြစတြေးလျမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောပါတယ်။

“ဒီကယ်ဆယ်ရေးအစီအစဉ်ဟာ ခက်ခဲရှုပ်ထွေးပြီး အတိုင်းအတာအရရော အန္တရာယ်အရပါ မကြုံစဖူးဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးအပါအဝင် အစိုးရနဲ့ ပြည်သူတွေ ကြားမှာ အတူတကွပူးပေါင်း လက်တွဲဆောင်ရွက်တာဟာ အောင်မြင်တဲ့ ရလာဒ်ကို ထွက်ပေါ်စေတယ်ဆိုတာ ဒီကယ်ဆယ်ရေး အစီအစဉ်ကာလအတွင်း ကျနော်တို့ မြင်တွေ့ခဲ့ကြရပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထိုင်းအစိုးရက ပံ့ပိုးပေးခဲ့တာဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဦးဆောင်မှုနဲ့ ဒီကယ်ဆယ်ရေးအပေါ် အာရုံစိုက်မှုလုပ်ဆောင်မှုကို ထင်ဟပ်စေပြီး ဒီအတွက်လည်း ထိုင်းအစိုးရကို သြစတြေးလျက ချီးကျူးဂုဏ်ပြုပါတယ်။”

လှိုင်ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ထုတ်နိုင်ရေး အဓိကအရေးပါခဲ့တဲ့ သြစတြေးလျနိုင်ငံက ဒေါက်တာ Richard Harry အတွက်တော့ သူ့အနေနဲ့ ကလေးတွေကို အောင်မြင်အောင်ကယ်ဆယ်နိုင်ခဲ့ပေမယ့် သူရဲ့ဖခင်ဖြစ်သူကတော့ သြစတြေးလျ နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းကပဲ ကွယ်လွန်သွားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ သူ့အဖွဲ့ MedSTAR အကြီးအကဲ Andrew Pearce က Adelaide အက်တလိပ် မြို့ မှာပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“ဒီနေ့မနက်စောစော စိတ်မကောင်းစရာသတင်းကတော့ Dr. Richard Harry ရဲ့ ဖခင်ဟာ အခု Adelaide မြို့မှာ ကွယ်လွန်သွားပြီဆိုတာပါ။ Harry အနေနဲ့လည်း ဒီသတင်းကို ကြားပြီပါပြီ။ ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်း ဂူထဲကနေ သူတို့အားလုံးကို အောင်မြင်စွာ ကယ်ထုတ်ပြီးပြီဆိုတာပါ။ Harry အတွက် တကယ့်ကို ခက်ခဲတဲ့ အချိန်ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က လှိုင်ဂူထဲဝင်သွားခဲ့ပြီးနောက် ရုတ်တရက် ရေကြီးရာက ၁၈ ရက်ကြာ ပိတ်မိနေခဲ့တဲ့ တောဝက် ဘောလုံးအသင်းဝင်တွေကို ၃ ရက်ဆက်တိုက် ရေငုပ်သမားတွေက ကယ်ဆယ်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့က ပထမအသုတ်အဖြစ် ၄ ယောက်ကို စတင်ကယ်ထုတ်ခဲ့ပြီး၊ တနင်္လာနေ့မှာ နောက်ထပ် ၄ ယောက်နဲ့ နောက်ဆုံးအသုတ်အဖြစ် အင်္ဂါနေ့တုန်းက ကလေး ၄ ယောက်နဲ့ နည်းပြတို့ကို ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

အခု သူတို့အားလုံးကို ချင်းရိုင်မြို့က ဆေးရုံမှာ သီးသန့်ဆေးဝါးကုသမှုခံယူနေပြီး၊ လန်းလန်းဆန်းဆန်း တွေ့ရတဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုပုံတွေကို မနေ့ ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်တွေက စတင်ထုတ်ပြန်ခဲ့ပါတယ်။ လူငယ်ဘောလုံးသမားတွေကို မိဘတွေက မှန်ပြတင်းကနေ ကြည့်နေတဲ့ ပုံတွေ၊ ကလေးတွေ က လက်ပြနှုတ်ဆက်နေပုံတွေကို တွေ့မြင်ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG