သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဒီမိုကရေစီစနစ်ကိုစမ်းသပ်မယ့် ရွေးကောက်ပွဲ


ထိုင်းနိုင်ငံက ရွေးကောက်ပွဲဝင်မယ့် Move Forward ပါတီခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စာလှယ်လောင်း Thirasupa Limjaroenrat နဲ့ ထောက်ခံသူများ။ (ဧပြီ ၂၂၊ ၂၀၂၃)
ထိုင်းနိုင်ငံက ရွေးကောက်ပွဲဝင်မယ့် Move Forward ပါတီခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စာလှယ်လောင်း Thirasupa Limjaroenrat နဲ့ ထောက်ခံသူများ။ (ဧပြီ ၂၂၊ ၂၀၂၃)

မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံပါတီတွေကတဘက်၊ တိုင်းပြည်ကို ဆယ်စုနှစ်ချီ လွှမ်းမိုးချုပ်ကိုင်ခဲ့တဲ့ ကွန်ဆာဗေးတစ် စစ်တပ်ဗိုလ်ချုပ်ကြီးတွေနဲ့ လက်တွဲဖက်တွေကတဘက်၊ ယေဘုယျ အားပြိုင်ကြတဲ့ပွဲ ဖြစ်လာပါတယ်။ စစ်တမ်းတွေမှာ လူထုထောက်ခံမှုအများအပြားရထားပြီး လူကြိုက်များလာတဲ့ပါတီတခုကတော့ Move Forward ပါတီဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး အဓိက အပြောင်းအလဲတွေဖေါ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုနေပါတယ်။ Move Forward ပါတီအကြောင်း ဘန်ကောက်မြို့ကနေ Vijitra Duangdee သတင်းပေးပို့ထားတာကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မဲဆွယ်နေတဲ့ SasinanThamnithinan (ဆတ်စီနန် သာမနီသင်နန်) က ထိုင်း လူ့အခွင့်အရေး ရှေ့နေတယောက်ပါ၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထိုင်း Move Forward ပါတီအနိုင်ရပြီး အစိုးရအဖွဲ့ထဲပါဝင်လာနိုင်မယ်လို့ ယုံကြည်ထားသူပါ။ သူ့ကို ရှေ့နေ Jammy လို့လည်း လူသိများပါတယ်။ ဘန်ကောက်ကနေ လွှတ်တော် အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လူသစ်တဦးလည်းဖြစ်ပါတယ်။ Move Forward ပါတီက ထိုင်းနိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို ဖယ်ရှားချင်တယ်လို့ ပြောထားပါတယ်။ တိုင်းပြည်ကို ပိုပြီး မျှတတဲ့၊ တန်းတူညီမျှတဲ့နေရာတခုဖြစ်ဖို့ လိုလားတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပထဆုံးအကြိမ် မဲပေးမဲ့ လူငယ်လေးသန်းသာ ပါတီရဲ့နောက်မှာ အပြည့်အဝထောက်ခံမယ်ဆိုရင် အပြောင်းအလဲတွေ မဖြစ်မနေဖေါ်ဆောင်ဖို့ လုံလောက်ပါတယ်လို့ Jammy က ပြောပါတယ်။

"ဒီရွေးကောက်ပွဲက ထိုင်းပြည်သူတွေအတွက် သိပ်ကို အရေးကြီးပါတယ်။ ထိုင်းနိုင်ငံရေးကို ပြောင်းလဲပေးမဲ့ ရွေးကောက်ပွဲပါ၊ ထိုင်းနိုင်ငံရေးကို ပြောင်းလဲမယ်လို့ ကျမ မျှော်လင့်ပါတယ်။ နောင်လာမယ့် ၁၀ နှစ်ကျရင် ကျမရဲ့ကလေးတွေဟာ ဒီမိုကရေစီစစ်စစ်ရှိတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာကြရဖို့ မျှော်လင့်ပါတယ်။"

Move Forward ပါတီလို့ ပြောင်းခဲ့တဲ့ အရင်က Future Forward ပါတီဟာ ၂၀၁၉ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် နေရာ ၈၀ အနိုင်ရခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင် ရှင်နာဝပ်ထ်ကိုသစ္စာရှိတဲ့ populist ပါတီနဲ့ ပြိုင်ဖက်ဖြစ်လာခဲ့ပါတယ်။

နိုင်ငံကိုလက်ဝါးကြီးအုပ်ထားတဲ့ စီးပွါးရေးလုပ်ငန်းတွေဖျက်သိမ်းရေး၊
နိုင်ငံရေးမှာ စစ်တပ်က ပါဝင်စွက်ဖက်မှုမရှိရဖို့၊ ထိုင်းနိုင်ငံဘုရင်စနစ်ကို မဝေဖန်ရအောင် အကာကွယ်ပေးထားတဲ့ ဥပဒေကို အားပျော့အောင်လုပ်မယ့် ဒီပါတီငယ်လေးရဲ့ မရင့်ကျက်တဲ့တဘက်အစွန်းကိုကပ်တဲ့ ရည်ရွယ်ချက်တွေက ထိုင်းနိုင်ငံရဲ့အခွင့်ထူးခံတွေအတွက် စိန်ခေါ် အကဲစမ်းသလို ဖြစ်နေပါတယ်။

Future Forward ပါတီကိုဖျက်သိမ်းခံခဲ့ရပြီး လူကြိုက်များတဲ့ခေါင်းဆောင် Thanathorn Juangroongruangkit ကို ရွေးကောက်ပွဲမှာပါဝင်ခွင့်မရှိဘူးဆိုပြီး ဆယ်နှစ် ပိတ်ပင်ခံခဲ့ရတာကြောင့် ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီနောက် ပါတီကို Move Forward ပါတီလို့ နာမည်သစ်နဲ့ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိခေါင်းဆောင်ကတော့ Harvard တက္ကသိုလ်က ဘွဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင် Pita Limcharoenrat (ပစ်တာ လင်ချန်ရွမ်နာရက်) ဖြစ်ပါတယ်။ သူတို့ပါတီဟာ တိုင်းပြည်အတွက် လိုအပ်တဲ့အရေးကိစ္စတွေကို ထုတ်ဖေါ်ပြောဆိုနေတဲ့ တခုတည်းသော ပါတီဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ဒီမိုကရေစီ စစ်စစ်မှန်မှန် အပြည့်အဝ မရှိသေးပါဘူး။ စစ်တပ်က ကြီးစိုးထားတာ သိပ်ကို ကြာနေပါပြီ၊ ဒါကြောင့်လည်း အာဏာတည်ဆောက်ပုံနဲ့ အမျိုးသား ဘဏ္ဏာငွေအသုံးစရိတ်ကိစ္စကို စစ်တပ်ကလွှမ်းမိုးထားတဲ့အစိုးရ လွှတ်တော်အတွင်းမှာ အာရုံစိုက်နေကြတာပါ။ ဒုတိယအနေနဲ့ ကျနော်တို့အပေါ် စစ်တပ်ရဲ့လွမ်းမိုးမှုကိုခံနေရတော့ ကျနော်တို့ရတဲ့အသုံးစရိတ်က မနည်းဘူးဆိုရင်တောင် အစဉ်အဆက် ထားခဲ့တဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ချပေးတဲ့ငွေ‌ဖြစ်နေပါတယ်။"

လူထုစစ်တမ်းတွေမှာ‌တော့ Move Forward ပါတီက လူကြိုက်အများဆုံး ဒုတိယနေရာမှာ ရှိနေပါတယ်။ ကွန်ဆာဗေးတစ်တွေ နှစ်ရှည်ကြီးစိုးထားတာကိုဆန့်ကျင်တဲ့ လူကြိုက်များတဲ့ Pheu Thai (ဖူးယာ့ထိုင်း) ပြီးရင် ဒုတိယနေရာမှာပါ။ ပါတီတည် ထောင်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင် ရှင်နာဝထ်ထ်ရဲ့သမီး Paetongtarn Shinawatra (ပယ်ထုန်တန် ရှင်နာဝပ်ထ်) က ဦးဆောင်ပါတယ်။

Move Forward ပါတီ ကြေညာထားတာတွေက Phey Thai ပါတီနဲ့မတူပါဘူး။ ဖူးယာ့ထိုင်းပါတီကတော့ ဆင်းရဲသားပြည်သူတွေနဲ့ ရှေးရိုးပုံစံ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံတွေ ရောထွေးနေပါတယ်။ Move Forward ပါတီကို ထောက်ခံသူ တဉီးဖြစ်တဲ့ Snayo က အခုလိုပြောပါတယ်။

"Move Forward ပါတီက 'အာဏာအဆင့်ဆင့် တည်ဆောက်ပုံကို ပြောင်းလဲဖို့ လိုနေပြီ' ဆိုပြီး ပြောနေတဲ့တခုတည်းသော ပါတီပါ။ ဒီတိုင်းပြည်မှာ အရင်းရှင်တွေက ကြီးစိုးပြီး အောက်ခြေ ပြည်သူတွေဆီက အမျိုးမျိုး ရသမျှ ဂုတ်သွေးစုတ်ယူနေကြတဲ့ သူတွေက အုပ်ချုပ်နေတာပါ။"

မကြာခဏဆိုသလို နိုင်ငံရေးမှာ စစ်တပ်က ကြားဝင်စွက်ဖက်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ဒီလိုရဲရင့်တဲ့ အပြောင်းအလဲတွေလုပ်ဖို့ဆိုတာက အန္တရာယ်များပါတယ်။ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ဘယ်လောက် အနိုင်ရတယ် မရဘူး မသေချာသေးခင် Move Forward ပါတီအနေနဲ့ တရားတဘောင်ကိစ္စတွေ အရင် ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG