ထိုင်းနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီ တခုဖြစ်တဲ့ Pheu Thai ပါတီဟာ ပါတီငယ် ၆ ခုနဲ့ ပူးပေါင်းပြီး အောက်လွှတ်တော်မှာ နေရာအများစုနဲ့ အစိုးရသစ် ဖွဲ့နိုင်တော့မှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော် နေရာ ၅၀၀ အနက် အနည်းဆုံး ၂၅၅ နေရာကို အနိုင်ရခဲ့ကြောင်းလည်း Pheu Thai ပါတီက ဝန်ကြီးချုပ်သစ် အဖြစ် လျာထားခံထားရတဲ့ Sudarat Keyuraphan က ဒီကနေ့ပဲ ဘန်ကောက်မြို့တော်မှာ ကြေညာလိုက်တာပါ။
ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ အနေနဲ့ လူထုရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု အများဆုံး ရခဲ့ကြောင်း အနိုင်ရတဲ့ ကိုယ်စားလှယ် အရေအတွက် အတိအကျ မသိရသေးပေမဲ့ မိတ်ဖက် ပါတီတွေ အားလုံးအနေနဲ့ ၂၅၅ နေရာထက် မနည်း ရရှိထားကြောင်း Pheu Thai ပါတီခေါင်းဆောင်က ပြောဆိုသွားတာပါ။
တနင်္လာနေ့ အထိ ရရှိထားတဲ့ မဲ ရလဒ်တွေအရ Pheu Thai ပါတီက ၁၃၇ နေရာနဲ့ စစ်တပ်က ထောက်ခံမှု ပေးထားတဲ့ Phalang Pracharat ပါတီက ၉၇ နေရာ ရရှိထားပါတယ်။ ဒါပေမဲ့လည်း တရားဝင် မဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ Pheu Thai ပါတီက လွှတ်တော်မှာ နေရာအများစုနဲ့ အနိုင်ရခဲ့မယ် ဆိုရင်တောင်မှ စစ်အစိုးရက မူကြမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ အစိုးရကို ဦးဆောင် ဖွဲ့စည်းနိုင်မှာတော့ မဟုတ်ပါဘူး။
အခြေခံ ဥပဒေသစ်အရ စစ်အစိုးရက ရွေးချယ်ထားတဲ့ အထက် လွှတ်တော်အမတ် ၂၅၀ နဲ့အတူ အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ တို့က ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရမှာပါ။ အစောပိုင်း မဲရလဒ်တွေအရ Pheu Thai ပါတီထက် မဲ အသာရနေတဲ့ Phalang Pracharat ပါတီကလည်း အစိုးရသစ် ဖွဲ့ခွင့်ရှိကြောင်း ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ မဲလိမ်မှု စွပ်စွဲချက်တွေ ထွက်ပေါ်လာနေတဲ့ အတွက် ကနဦး မဲရလဒ်တွေကို သောကြာနေ့ မတိုင်ခင် ထုတ်ပြန်နိုင်မှာ မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာပါ။
လွတ်လပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အာရှကွန်ယက် (ANFREL) ကတော့ မဲရလဒ်တွေမှာ မမှန်ကန်တဲ့ အချက်အလက်တွေ အကြီးအကျယ် တွေ့ရှိခဲ့ရကြောင်းနဲ့ ရွေးကောက်ပွဲမှာ ကော်မရှင်ဟာ သမာသမတ်ကျအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အမှားအယွင်းတွေဟာ လူတွေရဲ့ ချွတ်ချော်မှုကြောင့်လို့ ပြောဆိုထားပါတယ်။