သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီဆိုက်ဘာဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ပေးနေသူတွေ ထိုင်းရဲဖမ်းဆီး


မြဝတီဆိုက်ဘာဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ပေးနေသူတွေ ထိုင်းရဲဖမ်းဆီးမိ (စက်တင်ဘာ ၂၃၊ ၂၀၂၃)
မြဝတီဆိုက်ဘာဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ပေးနေသူတွေ ထိုင်းရဲဖမ်းဆီးမိ (စက်တင်ဘာ ၂၃၊ ၂၀၂၃)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာအခြေစိုက်ပြီး အွန်လိုင်းက လိမ်လည်နေတဲ့ ဆိုက်ဘာဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ဆက်နိုင်အောင်လုပ်ပေးနေတဲ့ လုပ်ငန်းတွေကို ထိုင်းရဲတွေ နှိမ်နှင်းခဲ့ပါတယ်။ ထိုင်းဘက်ကနေ မြန်မာနိုင်ငံဘက်ထဲအထိ အင်တာနက်လိုင်းရအောင်လုပ်ပေးနေတဲ့ ဆက်သွယ်ရေးပစ္စည်းတွေနဲ့အတူ မသင်္ကာသူ ၁၇ ယောက်က်ို ဖမ်းဆီးခဲ့တဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မြဝတီမြို့မှာ အခြေပြုပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ ဆိုက်ဘာဂိုဏ်းတွေအတွက် ထိုင်းနိုင်ငံဘက်ကနေ အင်တာနက်သုံးနိုင်‌အောင်လုပ်ပေးနေတဲ့ ထိုင်းလုပ်ငန်းတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ မဲဆောက်မြို့နဲ့ ချင်းရိုင်မြို့တွေကနေ ဆက်သွယ်ရေးစလောင်းတွေ တပ်ဆင်ပြီး မြန်မာဘက်အထိ အင်တာနက်လိုင်းရအောင်လုပ်ပေးနေသူတွေကို ဖမ်းဆီးခဲ့ကြောင်း ဒီနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းရဲတွေက သတင်းစာရှင်းပွဲလုပ်ပြီး အသိပေးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဒုရဲချုပ် (Torsak Sukwimon) သောစပ် စွပ်ဝိမွန် ကိုယ်တိုင် မဲဆောက်မြို့က အာရှလမ်းမပေါ်မှာရှိတဲ့ ဆိုက်ဘာလိမ်လည်ဂိုဏ်းတွေ ဆက်သွယ်ရေးစက်တွေ အသုံးပြုနေတဲ့ နေအိမ်တိုက်ခန်းတခုကို လာရောက်စစ်ဆေးခဲ့တဲ့အကြောင်း အခုလိုပြောသွားပါတယ်။

"တဘက်နိုင်ငံမှာ ဆိုင်ဘာလိမ်လည်တဲ့လုပ်ငန်းတွေကို အထောက်အကူပြုနိုင်ဖို့အတွက် ထိုင်းဘက်အခြမ်း ချင်းရိုင်နဲ့မဲ ဆောက်ကနေ တဆင့်ကူညီလုပ်ပေးနေကြတာပါ။ ဖုန်း SIM ကဒ်တွေကတော့ ဆိုင်ဘာလိမ်လည်ဂိုဏ်းတွေက အသုံးပြုဖို့အတွက် ဖုန်းလိုင်းဖွင့်ပေးထားတဲ့ နံပါတ်တွေဖြစ်ပါတယ်။ အခုလိုမျိုး အွန်လိုင်းလိမ်နေသူတွေအတွက် ထောက်ပံ့ကူညီနေသူတွေကို ထောင်ဒဏ်၂ နှစ်နဲ့ ငွေဒဏ်တွေ ချပြီး အပြစ်ပေးသွားပါမယ်"

မြန်မာနိုင်ငံဘက်က Call Center ဆိုက်ဘာ လိမ်လည်ဂိုဏ်းတွေအတွက် အင်တာနက်လိုင်းတွေဖွင့်ပေးနေတဲ့ ဆက်သွယ်ရေးစလောင်းတွေအပြင် ဖုန်း SIM ကဒ်ပြားပေါင်း ၇၆၀၀ ကျော်နဲ့အတူ မသင်္ကာသူ ၁၇ ယောက်ကို မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ ချင်းရိုင်မြို့နဲ့ မဲဆောက်မြို့တွေမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းဒုရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဖမ်းမိသူတွေထဲမှာ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေပါတယ်လို့ ပြောပေမဲ့ ဘယ်နိုင်ငံတွေကလဲဆိုတာ အတိအကျ ပြောမသွားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG