သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင်ရေကာတာစီမံကိန်း ၆ခု ကိုစောင့်ကြည့်ရေးအဖွဲ့ကန့်ကွက်


သံလွင်မြစ်ကြောင်းတစ်လျှောက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ
သံလွင်မြစ်ကြောင်းတစ်လျှောက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ

သံလွင်မြစ်ပေါ်က ပြည်နယ်သုံးခုမှာအကောင်အထည်ဖော်မယ့် ရေကာတာစီမံကိန်း ၆ ခုကြောင့် ဒေသခံလူထုအတွက်နစ်နာဆုံရှုံးမှုတွေ ဖြစ်လာနိုင်သလို ဘာသာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစိတ်တွေအပြင် တိုင်းရင်းသားမျိုးနွယ်စုတချို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေပါ ပျောက်ဆုံးသွားနိုင်တဲ့ ခြိမ်းခြောက်မှုတွေရှိနေတဲ့အကြောင်း သံလွင်မြစ်ကြောင်းစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီရေကာတာစီမံကိန်းတွေကို ပြန်ပြီးသုံးသပ်ဖို့လည်း တောင်းဆိုပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာပူးတွဲအကောင်အထည်ဖော်ဖို့ ၂၀၁၆ဖေဖော်ဝါရီ၂ရက်ကလက်မှတ်ထိုးခဲ့တဲ့ ရေကာတာစီမံကိန်းတွေထဲမှာ သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်း ၆ခုလည်းပါပါတယ်။ လျှပ်စစ်ဓာတ်အား မက်ဂါဝပ် ၁၆၀၀၀ ကျော်ထွက်မယ့် အဲဒီစီမံကိန်း၆ခုက ကောင်းကျိုးထက်ဆိုးကျိုးပိုများနိုင်လို့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှပ်နှံသူတွေ ဒီစီမံကိန်းကိုဆက်ပြီးမလုပ်အောင် ကန့်ကွက်သွားမယ်လို့ သံလွင်မြစ်ကြောင်းတစ်လျှောက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ နန်းနှင်းရီကပြောပါတယ်။

“အဲဒီလောက်ကြီးတဲ့ရေကာတာတွေ ဆောက်ပြီးတဲ့အခါကျတော့ အဲဒီကရတဲ့အကျိုးအမြတ်တွေကဘယ်သူတွေကရမှာလဲ။ ကျွန်မတို့ ဒေသခံတွေက ဘယ်လိုပြောရမလဲ မျက်စိပိတ်၊ နားပိတ်ခံနေရတဲ့ နှစ်ပေါင်း၅၀ကျော် ၆၀ကာလအတွင်းမှာ သံလွင်မြစ်ပေါ်မှာရေကာတာ ကြီးဆောက်လို့ရှိရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ဆိုးကျိုးကို အချို့မသိကြဘူး။ ကျွန်မတို့အနေနဲ့ကတော့ မဆောက်စေချင်ဘူး မဖြစ်စေချင် ဘူးပေါ့နော်။ ဖြစ်နိုင်လို့ရှိရင် တရုတ်ကလည်း ကျွန်မတို့ လေ့လာထားသလောက်ဆိုရင် သူတို့မှာရှိနေတဲ့စီမံကိန်း တော်တော်များများကို ဖျက်သိမ်းလိုက်ပြီ။ ဖျက်သိမ်းပြီးမှ ကျွန်မတို့မြန်မာနိုင်ငံတွင်းမှာကိုအဓိကထားပြီးတော့မှ ပစ်မှတ်ထားပြီးတော့မှ လာလုပ်ဆောင်တာ ဖြစ်တယ်။”

တချို့ တိုင်းရင်းသား မျိုးနွယ်စုတွေက သံလွင်မြစ်ကမ်းတလျှောက်မှာနေထိုင်ကြတာဖြစ်တဲ့အတွက် မြေသိမ်းမှုတွေဖြစ်လာခဲ့ရင် ဒေသခံတွေရဲ့ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ သဘာဝတရားတွေပါ ပျောက်ကွယ်သွားနိုင်တယ်လို့ အနာဂတ်သံလွင်(ကယားပြည်နယ်) ဗဟိုဦးဆောင်ကော်မတီက နော်လူးဒီးကပြောပါတယ်။ ဒေသခံတွေနဲ့ အကျိုးစီးပွား ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

“အရင်က ကရင်နီ ‘ကယား’ ဆိုရင် တပ်လုံးဝမရှိဘူး တပ်တစ်တပ်ပဲရှိတယ်။ လောပိတရေအားလျှပ်စစ်ကို စပြီးဆောက်တဲ့အချိန်မှာ ဒီလောပိတကို လုံခြုံရေးတာဝန်ယူပေးဖို့ တပ်ကိုထားတယ်ပေါ့နော်။ အဲဒီတပ်အရင်တုန်းက မရှိခဲ့ဘူး။ ကျွန်မတို့နားလည်တာက တကယ်လို့ ရေကာတာတည်ဆောက်မယ်ဆိုရင် ဒီရေကာတာလုံခြုံရေးအတွက် တပ်စခန်းတော့ ထားမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ ထားမယ်။ ထားတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ဒေသခံအတွက် စိုးရိမ်စရာဖြစ်တယ်။ ဆိုတော့ တစ်ချိန်ချိန်မှာ အနီးစပ်ဆုံးရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ ပဋိပက္ခ အကျိုးစီးပွား ပဋိပက္ခမဖြစ်နိုင်ဘူးလို့ ကျွန်မတို့မပြောနိုင်ဘူး။”

ဒီသံလွင်မြစ်ပေါ်မှာ ဘယ်နိုင်ငံကပဲရေကာတာဆောက်ဆောက် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ကန့်ကွက်သွားမယ်အကြောင်း မြစ်ချောင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိဗက်နိုင်ငံမှာ မြစ်ဖျားခံတဲ့ သံလွင်မြစ်က မိုင ်၁၇၀၀ ကျော်ရှည်ပြီး တရုတ်၊ မြန်မာနဲ့ ထိုင်း စတဲ့သုံးနိုင်ငံကိုဖြတ်စီးပါတယ်။ တရုတ်နိုင်ငံက ယူနန်ပြည်နယ်ထဲမှာ မြစ်အထက်ပိုင်း ရေကာတာစီမံကိန်းကိုထပ်ပြီး ဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ သံလွင်မြစ်ဝှမ်းက အရှေ့တောင်အာရှမှာ အကျယ်ပြန့်ဆုံးနဲ့ လူဦးရေ ၇သန်းကျော်က ဒီမြစ်ဝှမ်းကို အမှီပြု နေကြတာဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG