သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြား တနင်္သာရီတိုင်းမှာ လုံခြုံရေးတင်းကြပ်


လောင်းလုံမြို့
လောင်းလုံမြို့

တနင်္သာရီတိုင်းထဲက ပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ဒေသတွင်း စစ်ဆေးရေး ဂိတ်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ရေကြောင်းကရော လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း အကူအညီ ပေးနေသူတွေက ပြောပါတယ်။ တနင်္သာရီတိုင်းထဲက စစ်ရေးအခြေအနေကြောင့် စစ်ရှောင်နေရတဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား အခုနှစ်စကတည်းက တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ စစ်ကောင်စီဘက်က ရေကြောင်းပစ်ကူတာတွေ ရှိသလို တိုက်လေယာဉ်နဲ့ အရပ်သားနေထိုင်တဲ့ နေရာတွေမှာ ဗုံးကြဲနေပါတယ်။ ထားဝယ်ခရိုင်ထဲမှာတော့ လက်နက်ကိုင်ပဋိပက္ခကြောင့် ယာယီစစ်ရှောင်ရတဲ့ အခြေအနေက မကြာခဏဆိုသလို ကြုံနေရ တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"ကျနော်တို့ဆီမှာက အမြဲတမ်းစစ်ရှောင်ဆိုတဲ့ ပုံစံမျိုးတော့မရှိဘူး။ ဒီ ထားဝယ်ခရိုင်ထဲမှာဆိုရင်။ ဥပမာ စစ်ကောင်စီစစ်ကြောင်း ဝင်လာတယ်ဆိုရင် နီးစပ်ရာရွာတွေကို ထွက်ပြေးကြရတယ်။ ပြီးတော့ သူတို့ ပြန်သွားတယ်ဆိုရင် ရွာထဲပြန်ဝင်ကြတယ်။ အဲဒီလိုအခြေအနေ ရှိတယ်ဗျ။"

ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်မှာလည်း နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်လာခဲ့ တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့လည်း တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခုရက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီး တဲ့နောက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းထဲက စစ်ရေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

ဒေသခံတွေဟာ လက်နက်ရန်နဲ့ ဖမ်းဆီးခံရတာအပြင် ကုန်စည်သယ်ယူခွင့် ကန့်သတ်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်တဲ့ အခြေအနေတွေကြောင့် အခက်တွေ့နေရတာပါ။ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူတွေအတွက် အခြေခံလိုအပ်ချက်တွေ များပြားနေတယ်လို့လည်း စစ်ရှောင်တွေကို ကူညီနေတဲ့ DDMSC ကိုမင်းလွင်ဦးက ပြောပါတယ်။

"အဓိက အရေးကြီးဆုံးက စစ်ဘေးရှောင်တွေလိုအပ်တဲ့ အခြေခံစားသောက်ကုန်ပေါ့ဗျာ။ အခြေခံ စားကုန်ဆိုတာ ဆန်၊ ဆီ၊ ပြီးတော့ ဆေးဝါး၊ ကျန်းမာရေးပေါ့ဗျာ။ ဒီကိစ္စတွေက တော်တော်ခက်ခဲတဲ့ အနေအထားမျိုးတော့ရှိတယ်။ ဒါကတော့ အရင်ကတည်းက ခက်ခဲနေတာမျိုးပေါ့။ ကျန်းမာရေး စောင့်ရှောက်မှုဆိုရင် စစ်ရှောင်မဟုတ်တဲ့သာမန်အရပ်သားတွေတောင်မှပဲ ကျန်းမာရေးစောင့်ရှောက် မှု၊ ကျန်းမာရေးဝန်ဆောင်မှုက မရှိတော့တဲ့ အနေအထားပေါ့ဗျာ။ အဲလို အခြေအနေမျိုးရှိတယ်။ အရင်ကဆိုရင် ကျေးရွာတိုင်း ကျေးရွာတိုင်းမှာ ကျန်းမာရေးဆေးပေးခန်းတွေ ရှိသေးတယ်။ အခုက ကျန်းမာရေး ဆေးပေးခန်းတွေလည်း မရှိဘူး။"

စစ်ရှောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကူညီနေသူတွေမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုမင်းလွင်ဦးက ဆက်ပြောပါတယ်။

"ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင် တော်တော်လေး အခက်အခဲကြုံနေရတယ်။ စစ်ရှောင်တွေဆိုရင် ပိုတောင်ဆိုးတယ်။ သူတို့ဆီ ဆေးဝါးလိုအပ်ချက်ကို ကျနော်တို့က ပို့မယ်ဆိုရင်တောင် လုံလောက်တဲ့ ဆေးဝါး ဝယ်ယူခွင့်၊ သယ်ယူခွင့်က မရှိဘူး။ အဲလိုအခြေအနေမျိုးတော့ ရှိနေတယ်ဗျ။"

တနင်္သာရီမြို့နယ်ထဲမှာ အခုလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သိန်ခွန်းကျေးရွာနဲ့ ချောင်း နှစ်ပေါက်ကျေးရွာက ဒေသခံတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။ စစ်ရှောင်သူဦးရေ ၁,၄၀၀ ဝန်းကျင်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတာပါ။

တနင်္သာရီတိုင်းထဲမှာ တောတောင်ထဲ ကာလရှည်စစ်ရှောင်နေသူတွေ ရှိသလို တဘက်မှာလည်း ယာယီစစ်ရှောင်ရသူတွေအတွက် အရေးပေါ်လိုအပ်ချက်တွေက ရှိနေတယ်လို့ စစ်ရှောင်ကူညီနေ သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG