အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ဟာ ဝေးကွာနေကြတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံတွေ့ကြလေ့ရှိတဲ့ Thanksgiving ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ အခုနှစ် ကျေးဇူးတော်နေ့ရုံးပိတ်ရက်ကာလမှာ ခရီးသွားသူ စံချိန်တင်များမယ်လို့ခရီးသွားလာမှု ဘေးကင်းလုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ TSA က ခန့်မှန်းထားပါတယ်။
နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အတွင်း လေကြောင်းနဲ့ခရီးသွားကြသူ ၁၈ သန်းကျော်မယ်လို့ TSA ခန့်မှန်းထားပါတယ်။ မနှစ် ၂၀၂၃ ခုနှစ်ကထက် လေယာဉ်စီးခရီးသည် ခန့်မှန်းခြေ ၆ ရာခိုင်နှုန်း တိုးမယ်လို့ တွက်ထားတာပါ။ခရီးသွားတွေများတဲ့အတွက် ရုံးပိတ်ရက်ကာလအတွင်း လေဆိပ်တွေမှာ TSA ဝန်ထမ်းတွေကို အပြည့်ဖြည့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကုန်ကြောင်းကနေ ကားမောင်းခရီးသွားကြမယ့်သူတွေလည်း စံချိန်တင်အောင်များပြီး သန်း ၇၁ ထက်မနည်း ရှိလိမ့်မယ်လို့ သယ်ယူပို့ဆောင်ရေး အရေးပေါ် ဝန်ဆောင်မှုပေးတဲ့ AAA လုပ်ငန်းက ခန့်မှန်းထားပါတယ်။ ကျေးဇူးတော်နေ့အားလပ်ကာလအတွင်း ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းကနေ ပြည်တွင်း ခရီးသွားကြမယ့်သူ စုစုပေါင်း သန်း၈၀ နီးပါးရှိနိုင်ပြီး ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်က အရေအတွက်ထက်များတဲ့ စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ AAA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အခုနှစ်မှာ ဓါတ်ဆီဈေးတွေကျနေတဲ့အတွက် ကားနဲ့ခရီးသွားသူတွေ ပိုများမယ်လို့ ခန့်မှန်းပါတယ်။ AAA ရဲ့ စီးပွားဖက်ကားအငှားလုပ်ငန်း Hertz ရဲ့အပြောအရ Atlanta၊ Las Vegas၊ Los Angeles၊ Miami၊ Oahu၊ Orlando နဲ့ Phoenix မြို့တွေမှာ ကားငှားရမ်းမှု အများဆုံး ဖြစ်ပါတယ်။
ဥရောပက ရွှေ့ပြောင်းအခြေချသူတွေနဲ့ အမေရိကန် ဌာနေတိုင်းရင်းသားတွေ ဆောင်းဦး ရိတ်သိမ်း ထားတဲ့သီးနှံတွေကိုအတူမျှဝေစားသောက်ပြီး ကျေးဇူးတရားတွေကို ထုတ်ဖော်ခဲ့ကြတာကနေ Thanksgiving ကျေးဇူးတော်နေ့ ဖြစ်လာခဲ့တာပါ။ အမေရိကန်ကျေးဇူးတော်နေ့ အစဉ်အလာတွေမှာ တခုကတော့ New York မြို့က နာမည်ကြီး Macy’s ကုန်တိုက်ကြီးကစီစဉ်ပြုလုပ်တဲ့ ဧရာမ လေမှုတ် အရုပ်ကြီးတွေ စီတန်း အလှပြပွဲဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်ထဲက လုပ်လာတဲ့အစဉ်အလာအတိုင်း ဒီနှစ်မှာလည်း New York မြို့လမ်းမတွေပေါ်မှာ ဧရာမလေမှုတ်ရုပ်ကြီးပေါင်း ၂၂ ခု၊ အလှပြယာဉ်ပေါင်း ၃၄ ခုတို့က ဒီနေ့မနက် အစောကတည်းက စီတန်းလှည့်လှည်နေကြပါတယ်။
Forum